ပေါ်တာဆွဲရာမှာဦးဆောင်ပါဝင်သူ အမျိုးသားတဦး ပစ်သတ်ခံရ

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၅ နယ်မြေ၊ တိုးချဲ့ရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပေါ်တာဆွဲဖမ်းဆီးချိန်တွေမှာဦးဆောင်ပါဝင်တဲ့အမျိုးသားတဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) ဆီက သိရပါတယ်။

သေဆုံးသူဟာအသက် ၄၆ နှစ်အရွယ် ဦးတင်လှ (ခ) ဒေါင်းတင် ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်ညနေ ၅ နာရီခွဲလောက်က ချောက်မြို့ပြင်တနေရာမှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“သူ့ကို ၃ ချက်ပစ်ခတ်ခဲ့တယ်၊ ခေါင်းကိုပဲ နောက်ကနေ တည့်တည့်ပစ်ခဲ့တာ၊ အလောင်းကလည်း မြို့ပြင်တနေရာမှာဖြစ်လို့ သူတို့လာမယူနိုင်မှန်းသိလို့ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်”လို့ Chauk Guerrilla Force(C.G.F) ဒုတာဝန်ခံ ဖြိုးထက်နိုင်က ပြောပါတယ်။

ဦးတင်လှဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေမှာ ဦးဆောင်ပါဝင်တာ၊ လူငယ်တွေရဲ့မိသားစုတွေကိုခြိမ်းခြောက်တာ၊ မြေအောက်တော်လှန်ရေးသမား UG တပ်ဖွဲ့ဝင်တွေကို စုံစမ်းတာတွေလုပ်တဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာလို့ Chauk Guerrilla Force(C.G.F) ဒုတာဝန်ခံ ဖြိုးထက်နိုင်က ပြောပါတယ်။

ဒီပစ်ခတ်မှုကို Chauk Guerrilla Force (C.G.F) နဲ့ မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၄ ရက်ကလည်း မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့၊ ပွင့်လင်းကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို Chauk Guerrilla Force (C.G.F)က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိ ၂ ဦးသေပြီး ၁၅ ဦးထက်မနည်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။