ဆင်ဖြူကျွန်းမြို့ပေါ်မှာ မိုင်းထိလို့ မြို့ခံ ၁၅ ဦးခန့် ဒဏ်ရာရ

0 19
0 19

ဆင်ဖြူကျွန်း၊ ဇန်နဝါရီ ၇၊ ၂၀၂၆။

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့မှာ စစ်ကော်မရှင်တပ်ကထောင်ထားတဲ့ မိုင်းတွေကြောင့် မြို့ခံပြည်သူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၇ ရက်မနက်ပိုင်းမှာ ဆင်ဖြူကျွန်းဈေး၊ ပိုးအရှေ့ရပ်ကွက်၊ ပိုးအနောက်ရပ်ကွက်၊ ပြန်လွင့်ရပ်ကွက်နဲ့ ဘုရားကြီးကုန်းရပ်ကွက်တွေမှာ မိုင်းထိခဲ့ကြတာဖြစ်ပြီး စုစုပေါင်း ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

” ကြားတာကတော့ ကြိုးမိုင်း(တိုက်မိုင်း)တိုက်မိတာ။ (မိုင်းထောင်တာက) စစ်တပ်ကပဲ နေမှာပေါ့၊ မြို့ပေါ်သူတို့ပဲရှိတာ သူတို့ပဲ ထောင်မှာပေါ့။ ဒဏ်ရာရတဲ့သူတွေကိုတော့ စလင်းမြို့ ပြည်သူ့ဆေးရုံကို ပို့ထားတယ်” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

လက်ရှိမှာ ပိုးအနောက်ရပ်ကွက်က ၇ ဦး၊ ပိုးအရှေ့ရပ်ကွက်က ၂ ဦး၊ ဘုရားကြီးကုန်းက ၄ ဦး၊ ပြန်လွင့်ရပ်ကွက်က ၁ ဦးနဲ့ ဆင်ဖြူကျွန်းဈေး ဈေးစောင့် ၁ ဦးအပါ အမျိုးသား ၁၁ ဦး အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၅ ဦး မိုင်းထိဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

အဆိုပါမိုင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဆင်ဖြူကျွန်းမြို့တွင်းကိုဝင်ရောက်လာနိုင်တဲ့ နေရာတွေမှာ စစ်ကော်မရှင်တပ်က ထောင်ထားတာဖြစ်နိုင်ပြီး မြို့ပေါ် လူအသွားအလာများတဲ့နေရာတွေမှာ မိုင်းတွေထောင်ထားတာလို့ သူက ဆက်ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်တိုက်မှာကြောက်ပြီး မိုင်းထောင်နေကြတာ၊ နေအိမ်တွေရှေ့ မိုင်းထောင်တာတော့ အဓိပ္ပါယ်မရှိဘူး။ ကျနော်တို့ သိသလောက်တော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းထောင်ရင် ဘယ်နားမှာ မိုင်းထောင်တယ် မိုင်းရှိတယ်ဆိုတာ ပြောပြတယ်၊ စစ်တပ်ကတော့ အသားလွတ်ကြီးထောင်တာ၊ ပြည်သူဘယ်သူသေသေဆိုတဲ့ သဘောပဲ၊ မြို့ပေါ်မှာဆို လူအသွားများတဲ့လမ်းတွေမှာ‌ မိုင်းထောင်ထားကြတာ” လို့ သူက ပြောပါတယ်။

မိုင်းထိတဲ့နေရာတွေမှာ ယခင်ရက်တွေကလည်း ဒေသခံသွားလာလှုပ်ရှားမှုတွေရှိနေပြီး ဒီနေ့မနက်မှ မိုင်းထိကြတာဟာ ယမန်နေ့ညကမှ မိုင်းလာထောင်ကြတာမျိုးဖြစ်နိုင်တယ်လို့ အထက်ပါ​​ ဒေသခံက သုံးသပ်ပြောဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့မှာ ဒီဇင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်ကတည်းက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာမရှိတော့ဘဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားထိပ်၊ ကမ္ဘာဇဘဏ်ရှေ့နဲ့ ရဲစခန်းတို့မှာ အင်အား ၁၅၀ ကျော်ခန့် အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။