နဘားဈေး မီးလောင်ပြီး တန်ဖိုးငွေ ကျပ်သိန်း ၁,၀၀၀ ကျော်ခန့် ဆုံးရှုံး

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည် ၁ နာရီကျော်လောက်က ဈေးရဲ့တောင်ဘက်ခြမ်းကနေ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး ဈေးတန်းရဲ့ ၃ ပုံပုံ ၂ ပုံ မီးထဲပါသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နဘားဈေးမှာ ကုန်ခြောက်နဲ့ ကုန်စိမ်းရောင်းချတဲ့ ဈေးတန်း၊ လူသုံးကုန်ပစ္စည်းတွေ ရောင်းချတဲ့ဈေးတန်းဆိုပြီး ဈေးတန်းရှည်ကြီး ၂ တန်းရှိကာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – Aungzin Moe Facebook
ဓာတ်ပုံ – Aungzin Moe Facebook

“အသိတယောက်ဆို ဆိုင်ကြီးကို အကြီးကြီးပဲ၊ ၃ ဆိုင်တွဲဖွင့်ထားတာ၊ အဲ့ဟာကြီးလည်း အကုန်လုံး မီးထဲပါသွားတာ၊ ပစ္စည်းတန်ဖိုးကတော့ ထောင်ပိုင်းလောက် ကပ်သွားမယ်၊ ပစ္စည်းပဲနော် ဆိုင်ခန်းတွေ ဘာတွေ မပါသေးဘူး၊ ဈေးကလည်း သစ်သားတွေနဲ့ ဆောက်ထားတဲ့ဈေးဆိုတော့ မီးစွဲလွယ်တယ်။” လို့ နဘားရွာခံ အမျိုးသားတဦးက ပြောပါတယ်။

ပေါ့ဆမီးကြောင့် စတင်လောင်ကျွမ်းခဲ့တာလို့ ကနဦးသိရပြီး ဆိုင်ခန်း ၆၀ ကျော် မီးထဲပါသွားကာ တန်ဖိုးငွေအနေနဲ့ သိန်းထောင်ဂဏန်းဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် အသေးစိတ်အခြေအနေကတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ – Aungzin Moe Facebook

နဘားရွာဟာ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ရွာကြီးဖြစ်ပြီး နဘားဈေးကလည်း နဘားကျေးရွာအုပ်စုမှာ အားထားရတဲ့ဈေးဖြစ်တဲ့အပြင် ပင့်တင်၊ နားမကြိုင်း၊ နားရခေါင်၊ ကမ်းနီ၊ နဘားကြီးစတဲ့ ကျေးရွာ ၅ ရွာက ပြည်သူတွေရဲ့ အဓိက ဈေးရောင်းဈေးဝယ်လုပ်ကြတဲ့ ဈေးကြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီ ၂ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဈေးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၃၀ ကျော်နဲ့ လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။