ရေစကြို၊ မိဖုရားရွာကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပါပစ်လို့ အမျိုးသမီးတဦးသေဆုံး

0 1
0 1

မကွေး၊ မေ ၂၆၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မိဖုရားကျေးရွာကို စစ်ကောင်စီက မေလ ၂၆ ရက်မှာ လက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အင်အား ၁၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ မနက် ၈ နာရီလောက်က ချင်းတွင်းမြစ်ကိုဖြတ်ကာ မိဖုရားရွာဘက်ကို ဦးတည်လာချိန် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရွာက ၃၈ နှစ်အရွယ် ဒေါ်ခင်အေးပိုကို ကျည်ထိမှန်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် မနက် ၁၀ နာရီလောက်ကျမှ ရွာထဲကနေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့ကြတာလို့ Yay Lal Kyun News အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီဘက်ကမ်းကိုရောက်တာနဲ့ သူတို့က တရစပ် လက်နက်ကြီးတွေ၊ စက်လက်နက်တွေနဲ့ ပစ်တယ်။ အခုချိန်ထိ နေအိမ်တွေ ဘယ်လောက်ထိ မီးထဲပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ရွာထဲ မဝင်ရဲသေးဘူး၊ သေဆုံးသွားတဲ့သူက ကလေး ၂ ယောက်အမေလို့ သိရတယ်။ အသက် ၁၂ နှစ်အရွယ် မောင်ညီခန့်ဇင်က လက်နက်ကြီးထိမှန်သွားတယ်”လို့ ပြောပါတယ်။

မိဖုရားကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး အခုလိုမီးရှို့ခံရတာ ၃ ကြိမ်တိတိရှိပြီလို့လည်း ဆိုပါတယ်။

မိဖုရားကျေးရွာကိုမီးရှို့ပြီး နေ့လယ် ၁၂ နာရီလောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာနဲ့ ၃ ဖာလုံလောက်ဝေးတဲ့ ကျောက်ဖူးကျေးရွာထဲကို ဝင်ရောက်သွားပြီ အဲဒီရွာကနေအိမ်တွေကိုပါ မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ခြေအရေအတွက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သလို စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာထဲကနေပြန်လည်ထွက်ခွာသွားပေမဲ့လည်း အခုချိန်ထိ ဒေသခံတွေဟာ ကျေးရွာထဲကို ဝင်ရောက်နေထိုင်ခြင်းမရှိသေးပါဘူး။

ခုလို မီးရှို့တာတွေ လုပ်နေတဲ့အတွက် မိဖုရားကျေးရွာအပါအဝင်၊ မဲကုန်း၊ ကျောက်ဖူး၊ ကြွယ်ကုန်း၊ ဖြုံဘူး၊ ဘိုကုန်းနဲ့ တောင်ကုန်းရွာက ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။