မင်းဘူး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူး-စကုမြို့နယ်က ကျေးရွာတွေမှာ စစ်ကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေက ဒေသခံတွေကို မဲထည့်ကြဖို့နဲ့ မဲမထည့်သူတွေကိုဖမ်းဆီးမယ်ဆိုပြီး လှည့်လည်ပြောဆိုနေတယ်လို့ မင်းဘူးမြို့ခံတွေဆီက သိရပါတယ်။
မင်းဘူး-စကုမြို့နယ်တောင်ဘက် မင်းလှ-မကွေး-မင်းဘူး လမ်းမကြီးဘေးကကျေးရွာတွေမှာ ဒီဇင်ဘာ ၂၇ ရက် ဒီမနက် ၉ နာရီဝန်းကျင်ကနေ နေ့လယ် ၁ နာရီအထိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက အသံချဲ့စက်နဲ့ လိုက်လံပြောဆိုခဲ့တာလို့ ဆိုပါတယ်။
“မင်းဘူးတောက်ဘက် မင်းလှ-မကွေး-မင်းဘူး လမ်းမကြီးဘေးကျေးရွာတွေက ပြည်သူတွေကို မနက်ဖြန် မဖြစ်မနေ မဲထည့်ကြဖို့ မဲစာရင်းကြည့်ထားကြဖို့ မဲမထည့်လို့မရဘူးဆိုပြီး အုပ်ကြီးနဲ့ အုပ်ကြီး နောက်လိုက်**တွေက ခြိမ်းခြောက်နေကြတာ၊ ရွာမှာ အသံချက်စက် အော်ပြီးပြောနေတာ၊ ကျေးရွာအကုန်လုံးကိုပဲ၊ မဲမထည့်ရင် ဖမ်းဆီးမယ်၊ ပေါ်တာဆွဲမယ်၊ ခြိမ်းခြောက်နေတာ၊” လို့ မင်းဘူးမြို့ခံတဦးက ပြောပါတယ်။
အထက်ပါလမ်းမကြီးဘေးရှိ ရွှေတစ်ပင်ရွာ၊ ကျွဲသိုးမြှောင်ကျေးရွာ၊ ဖလံရုံရွာ၊ ရွာသာယာ၊ ကမ်းနီကျေးရွာတွေအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်ကနေ အသံချဲ့စက်နဲ့ လှည့်လည်ပြောဆိုတာကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“ပြည်သူတွေ ကြောက်တာပေါ့၊ စိုးရိမ်စိတ်ရှိနေတာ မထည့်ရင်ဖမ်းစီးခံရမှာကြောက်တာ ဖီအားပေး ခြိမ်းခြောက်မှု ဒီနေ့မှာလုပ်တာ” လို့ အထက်ပါဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း ဒီဇင်ဘာ ၂၈ ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲ ဆန္ဒမဲမပေးတာဟာ ဒီမိုကရေစီစနစ်ကိုမထောက်ခံတာဖြစ်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်က မင်းဘူးမြို့မှာ ၎င်းလက်အောက်ခံအဖွဲ့အစည်းတွေ၊ မြို့ခံတွေနဲ့တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါသေးတယ်။
စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေတွေအရ အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အပိုင်း ၁ အနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာပြုလုပ်မယ့် မြို့နယ် ၁၀၂ ခုမှာ မင်းဘူး-စကုမြို့နယ်လည်းပါဝင်နေတာ ဖြစ်ပါတယ်။
စာတည်း – လင်း
1 comment
fuqulvkvxrrewuhkzjovnzuehgpsop