ဝက်လက်၊ ငါးပတ်ချောင်းရွာ ဗုံးကြဲခံရလို့ သက်ကြီးပိုင်းအမျိုးသမီး ၄ ဦးသေဆုံး

0 11
0 11

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို ဒီဇင်ဘာ ၂၃ ရက်ညနေ ၄ နာရီကျော်မှာ စစ်ကော်မရှင်တပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးအပါအဝင် ရွာခံ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးပတ်ချောင်းရွာကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံးသီး ၃ လုံးကြဲချခဲ့တာကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းမြ၊ ၇၅ နှစ်အရွယ် ဒေါ်ကျင်၊ ၂၅ နှစ်အရွယ် ကိုမင်းသန့်နဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးပြီး နောက်ထပ်ဒေသခံ ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပွဲချင်းပြီး ၃ ယောက်၊ ဆေးရုံ ၁ ယောက် ဆုံးတာ။ ရွာရဲ့အနောက်ဖျား ဘုရားကုန်းရဲ့ အရှေ့ဖက်နားက အိမ်ကို အကြောင်းမဲ့သက်သက် ချသွားတာဗျ။ ဘာတိုက်ပွဲမှမရှိဘူးဗျ “လို့ ဝက်လက်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူ ၇ ဦးဟာ ဂျွန်ကိုချစ် ၁၈ နှစ်၊ ထက်အာကာ ၁၆ နှစ်၊ မင်းခန့်ဇင် ၁၈ နှစ်၊ ယဥ်မွန်ဝင်း ၁၇ နှစ်၊ အောင်ခိုင်ထွန်း ၃၀ နှစ်နဲ့ အချက်အလက်စုံစမ်းနေဆဲ ဒေသခံ ၂ ဦးတို့ဖြစ်ပြီး ၎င်းတို့ဟာ ဆေးကုသမှု ခံယူနေရတာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ သူကဆိုပါတယ်။

ဗုံးကြဲမှုကြောင့် ငါးပတ်ချောင်းရွာရှိ ဘုရားကုန်းပျက်စီးမှုရှိပြီး လူနေအိမ် ၄ လုံးနဲ့ ကား ၃ စီး မီးလောင်ပျက်စီးခဲ့သလို နွား ၁ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၃ ရက်ည ၉ နာရီကျော်မှာလည်း ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာနဲ့ ရှားကွဲကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့လမ်းဘေးနေရာကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ် ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။