⁨ဘန်ကောက်မှာ စစ်ကော်မရှင်တပ်ဆီရောင်းချမယ့် ဒရုန်းတွေနဲ့အတူ မြန်မာ ၄ ဦး ဖမ်းဆီးခံရ

0 25
0 25

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၅။

စစ်ကော်မရှင်တပ်ဆီကို ရောင်းချမယ့် ဒရုန်း ၁၀ စင်းနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့မှာ ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၁ ရက် တနင်္ဂနွေနေ့က သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းအများအပြားပျံသန်းနေတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အမျိုးသားလုံခြုံရေးကောင်စီက ဒရုန်းကျူးကျော်မှုကို နှိမ်နင်းဖို့ အစီအမံတွေရေးဆွဲပြီးနောက် အခုလို စီးနင်းရှာဖွေခဲ့တာလို့ ဆိုပါတယ်။

သုဝဏ္ဏဘူမိလေဆိပ်နဲ့ ၃ ကီလိုမီတာအကွာ ဘန်ကောက်မြို့၊ လက်ကဘန်းနယ်မြေရှိ ဒရုန်းထိန်းချုပ်စခန်းအဖြစ်သံသယရှိတဲ့ Grand BS Airport Hotel Suvarnabhumi ကို ဝင်ရောက်ရှာဖွေခဲ့ရာ David အမည် Online Booking နဲ့ တနင်္ဂနွေနေ့ကတည်းကငှားရမ်းထားတဲ့ အခန်းမှာ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ ဇေထက်အောင် (၃၂ နှစ်)၊ စနေလင်းထက် (၂၄ နှစ်)၊ ကျော်ဇင်ဟိန်း (၂၁ နှစ်) နဲ့ သိန်းဇော် (၃၄ နှစ်) တို့ဖြစ်ကြပြီး အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတဦးက ထိုင်းနိုင်ငံအတွင်းကနေ ဒရုန်းတွေ သယ်ဆောင်ဖို့ ငှားရမ်းခံရခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုပါတယ်။

ရဲတပ်ဖွဲ့က တရုတ်နိုင်ငံထုတ် DJI အမျိုးအစား ဒရုန်း ၁၀ စီးကို အခန်းအတွင်းမှ သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ အဲ့ဒီဒရုန်းတွေကို မြန်မာနိုင်ငံရှိ “Kevin Zo” ဆိုတဲ့ သူဌေးဆီကိုပို့ဆောင်ပေးရမှာဖြစ်ပြီး ၎င်းသူဌေးက မြန်မာစစ်တပ်ဆီကို ပြန်လည်ရောင်းချမယ့်သူဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လက်ရှိမှာ အဆိုပါဖမ်းဆီးရရှိသူတွေရဲ့ ဗီဇာတွေကို ပယ်ဖျက်လိုက်ပြီဖြစ်ကာ ထပ်မံစစ်ဆေးမေးမြန်းဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဗျူရိုကို လွှဲပြောင်းထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။