စစ်ကိုင်းက စစ်အုပ်စုစခန်း ဗုံးသီးချ တိုက်ခိုက်ခံရ

0 1
0 1

စစ်ကိုင်း၊ မေ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ စစ်သားနဲ့ပျူ ပူးပေါင်းတပ်စခန်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အင်အား ၅၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အဲ့ဒီစခန်းကို မေလ ၁၈ ရက် နေ့လယ် ၂ နာရီခန့်မှာ ဒရုန်းအသုံးပြုပြီး ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ Unicorn Guerrilla တာဝန်ရှိသူက ပြောပါတယ်။

“ရွာကတော့ ပျူရွာပဲ။ စကစနဲ့ပျူတွေက ရွာအပြင်ဘက်မှာ သီးသန့်စခန်းချထားပြီးနေတာ။ တခုက သူတို့ရွာက ပျုကော၊ စကစအဖွဲ့တွေက အခြားရွာတွေကို ဒုက္ခပေးတာနည်းတယ်။ သူတို့ဟာသူတို့ နေတာများတယ်။ ကြွယ်ပုံ(ရွာ)ဘက်က ပျူနဲ့စကစတွေလိုတော့မဟုတ်ဘူး။ ကျနော်တို့ဘက်က ဒီထက်ပိုပြီး စကစကို တိုက်ခိုက်နိုင်ဖို့ ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ မစ်ရှင်တခုတုန်းက ဒရုန်းတစင်းပျက်ကျခဲ့ရလို့ ပြည်သူအကူအညီတွေလည်း လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ချိန်အတွင်း စစ်သားနဲ့ပျူတွေဟာ စခန်းအဆောက်အဦးနဲ့ ကတုတ်ကျင်းတွေထဲကို ပြေးဝင်ပုန်းသွားတာတွေတွေ့ရကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်ဆိုပေမယ့် အရေအတွက်အတိအကျကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်အုပ်စုဘက်က ၄၀ မမ အပါအဝင်လက်နက်ငယ်တွေနဲ့ ဒရုန်းလာရာ လမ်းကြောင်းကို လိုက်လံပစ်ခတ်တာတွေရှိခဲ့ပေမယ့် ဒရုန်းတွေ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Phoenix (SGG)၊Unicorn Guerrilla၊ Fight For Federal၊ Young Wolf၊ Sadaung Revolution Army၊ အညာသာလေး(SGG)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇)၊ စစ်ကိုင်းမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာနဲ့ နှုံတွင်းကျေးရွာကြားမှာ မိုင်းရှင်းပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။