ကောလင်းမှာတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

0 29
0 29

တိုက်ပွဲဖြစ်ပြီးနောက် ရွာ ၂ ရွာကိုစစ်တပ်က ဗုံးကြဲ

ကောလင်း၊ ဒီဇင်ဘာ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလတောင်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်တပ်စွဲနေတဲ့ သစ်ဖုလရွာကို ဒီဇင်ဘာ ၁၈ ရက် ညပိုင်းကနေစလို့ တော်လှန်ရေးတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့ကာ ၁၉ ရက် မနေ့က မနက်ပိုင်းအထိတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“သစ်ဖုလမှာ တပ်စွဲထားတဲ့စကစကို ကိုယ့်ဘက်ကသွားတိုက်တာပေါ့။ စကစဘက်က ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်းရှိတယ်။ အထိအတွေ့မှာတော့ ရဲဘော် တယောက်ကျတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်ပွဲအခြေအနေကိုသိရှိသူတဦးကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်တွေပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်တပ်ကအဲ့ဒီတောင်မှာပဲ တပ်စွဲထားတယ်လို့ သိရပါတယ်။ သစ်ဖုလတောင်ကို စစ်တပ်က ၂၀၂၁ အာဏာသိမ်းကတည်းက တပ်စွဲထားတာပါ။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင် တိုက်ပွဲဖြစ်ပြီးနောက် မနေ့က မနက် ၁၀ နာရီလောက်မှာလည်း သစ်ဖုလတောင်အနီးက ကျောက်တန်းရွာကို လေကြောင်းတိုက်ခိုက်ကာ စက်လက်တွေနဲ့လည်းပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ် ၂ နာရီမှာလည်း ကြိုးကြာဥရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၁ လုံးပျက်စီးပြီး ကျောင်းဝန်းအတွင်း စပါးလှန်းနေတဲ့အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်ပွဲအခြေအနေကိုသိရှိသူတဦးက ပြောပါတယ်။

အဲ့ဒီနောက် မနေ့ကညပိုင်းမှာလည်း ဝန်းသို ၁၀၁ တပ်ကနေ ကောလင်းမြို့နယ်အရှေ့ခြမ်းကို ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။