မြိုင်နယ်၊ မန်ကျည်းလေးပင်ရွာက အိမ်တွေကို ပျူတွေ မီးထပ်ရှို့ပြန်

0 1
0 1

မြိုင်၊ မေ ၅၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းလေးပင်ရွာက နေအိမ်တွေကို ပျူစောထီးအဖွဲ့က မေလ ၅ ရက် ဒီမနက် ၁၀ နာရီခွဲလောက်မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန်နီရွာကပျူစောထီးတပ်ဖွဲ့ဟာ သူတို့ရွာနဲ့ ၁ မိုင်နီးပါးဝေးတဲ့ မန်ကျည်းလေးပင်ရွာထဲကို ဒီမနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ခဲ့ရာ ပစ်ခတ်မှုကြောင့်လည်း ကလေးငယ်တဦးနဲ့ မိခင်ဖြစ်သူတို့ ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့တယ်လို့ နွေဦးတော်လှန်ရေး မြိုင်မြို့ကတာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

ပုံစာ – မန်ကျည်းလေးပင်ရွာကို ဇွန်လ ၁၃ ရက်မှာ စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့စဥ်။ (ပုံဟောင်း)

“ဖမ်းဆီးခံရတဲ့ပြည်သူတွေတော့ မရှိပါဘူး။ သားအမိနှစ်ယောက်ကတော့ လက်နက်အစ ထိမှန်သွားတာတော့ ရှိတယ်။ ရွာထဲကို မီးလာရှို့တာက ပျူတွေပဲ အင်အားဘယ်လောက်နဲ့ ဝင်လာလဲမသိရသေးဘူး” လို့ ပြောပါတယ်။

ကနဦးသိရှိထားချက်အရ အိမ် ၁၅ လုံး၊ နွားစာတဲ ၂ လုံး၊ သနပ်ခါးခြံ ၄ ခြံ မီးလောင်ပြာကျခဲ့ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

ပုံစာ – မန်ကျည်းလေးပင်ရွာကို ဇွန်လ ၁၃ ရက်မှာ စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့စဥ်။ (ပုံဟောင်း)

အခုလက်ရှိမှာ ပျူစောထီးတွေက ရွာကနေပြန်လည်ထွက်ခွာသွားပေမဲ့လည်း ဒေသခံတွေကတော့ ကျေးရွာထဲကို ပြန်လည်နေထိုင်ခြင်းမရှိသေးပါဘူး။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ မန်ကျည်းလေးပင်ရွာဟာ အခုတကြိမ်နဲ့ဆိုရင် မီးရှို့ခံရတာ ၃ ကြိမ်မြောက် ရှိပြီး၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ နေအိမ် ၁၁ လုံးနဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ နေအိမ် ၄၂ လုံး မီးရှို့ဖျက်စီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပုံစာ – မန်ကျည်းလေးပင်ရွာကို ဇွန်လ ၁၃ ရက်မှာ စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့စဥ်။ (ပုံဟောင်း)

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။