ခင်ဦးတိုက်ပွဲကသိမ်းနိုင်တဲ့သေနတ်တွေကို ပူးပေါင်းတိုက်ခဲ့တဲ့ တိုက်နယ်နဲ့UG ပကဖတွေကို ခွဲပေး

0 4
0 4

မြေလတ်အသံ၊ ဒီဇင်ဘာ ၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်စစ်ကြောင်းကိုတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ငယ်တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မြို့နယ်ပကဖလက်အောက် တိုက်နယ် နဲ့ UG ပကဖတွေကို ခွဲဝေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ်ပကဖကပြောပါတယ်။

တိုက်ပွဲအတွင်းသိမ်းနိုင်ခဲ့တဲ့ လက်နက်ငယ် ၂၈ လက်အနက် MA-1 ၁၀ လက်နဲ့ G-3 ၄ လက်ကို တိုက်နယ် ၁ ကနေ ၅ အထိနဲ့ UG ပကဖတွေထံ အချိုးကျခွဲဝေပေးခဲ့တာဖြစ်ပြီး အဲ့ဒီလက်နက်ပေးအပ်ပွဲကို ဒီဇင်ဘာ ၂ ရက် ယမန်နေ့လယ် ၃ နာရီကျော်မှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

” ဒီလက်နက်တွေက မုံလှတိုက်ပွဲတုန်းကရရှိခဲ့တဲ့ လက်နက်တွေဖြစ်တယ်။ အဲ့ဒီလက်နက်တွေကို ပူးပေါင်းတပ်ဖြစ်တဲ့ တပ်ရင်းပကဖ ပူးပေါင်းတပ်တွေက ခွဲခြမ်းစိပ်ဖြာပြီးပြီ။ ပကဖက ခုရရှိခဲ့တဲ့ ခွဲတမ်းထဲကနေပြီးတော့ ကိုယ့်ရဲ့ပူးပေါင်းတပ်တွေဖြစ်တဲ့ တိုက်နယ်တွေ၊ UG တွေကို ပြန်ပြီးတော့ပေးအပ်ခြင်းဖြစ်တယ်” လို့ ခင်ဦးမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မုံလှကျေးရွာအနီး နိုဝင်ဘာ ၂၃ ရက်က အင်အား ၁၈၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့မှုမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၀ ဦးခန့် သေဆုံးပြီး ၎င်းတို့ကိုင်ဆောင်တဲ့ လက်နက်ငယ် MA-1 ၁၅ လက်၊ MA-2 ၃ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ ငါးကြင်းမှီး ၁ လက်၊ BA-100 ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၁ လက် စုစုပေါင်း ၂၈ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တာပါ။

ခွဲဝေပေးခဲ့တဲ့သေနတ်တွေကို ခင်ဦးမြို့နယ် တိုက်နယ် ၁၊ ၂၊ ၃၊ ၄၊ ၅ ပကဖခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့အဖွဲ့တွေ၊ UG ပကဖခေါင်းဆောင်နဲ့အဖွဲ့တွေနဲ့ သက်ဆိုင်ရာပကဖရဲဘော်တွေက အသီးသီးလက်ခံရယူခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

” ရှေ့မှာလည်း တိုက်ပွဲကရရှိခဲ့တဲ့လက်နက်တွေကို အခုလိုပဲခွဲခြမ်းစိပ်ဖြာပြီးပေးခဲ့တာပါ။ မကြာသော ၂ လမြောက် အဲဒီတုန်းကဆိုရင်လည်း ခင်ဦး-ရွှေဘိုနယ်စပ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကနေရရှိခဲ့တဲ့လက်နက်တွေကို အခုလိုမျိုးပေးခဲ့တာရှိသလို ရှေ့မှာကတိုက်ပွဲကရရှိတဲ့လက်နက်တွေကို အခုလိုပဲပေးအပ်ခြင်းဖြစ်တယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီလက်နက်ပေးအပ်တဲ့ အခမ်းအနားကို မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ပအဖခေါင်းဆောင်၊ တရားရေးဥက္ကဌ၊ အကျဥ်းတာဝန်ခံ၊ အခွန်တော်အရာရှိ၊ ဘဏ္ဍာရေးတွဲဘက်၊ စည်ပင်၊ လျှပ်စစ်တွဲဘက်၊ သယံဇာတဥက္ကဌ၊ သယံဇာတတွဲဘက်အတွင်းရေးမှူး၊ ပအဖရုံးအဖွဲ့မှူး၊ ရုံးအဖွဲ့မှူးတွဲဘက်နဲ့ မြို့နယ်ပကဖ (EC) အဖွဲ့မှ တပ်ဖွဲ့ဝင်တွေ အသီးသီး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။