myaelatt athan

Sharing Information to the Local

စစ်ရေးအရှိန်မြင့်လာနိုင်သည့် အညာနှင့် BPLA ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ (အယ်ဒီတာ့အာဘော်)

0
0

မြေလတ်အသံ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People’s Liberation Army – BPLA) အညာဒေသသို့ အခြေချမည်ဆိုသည့် သတင်းစကားသည် ဝမ်းမြောက်ဝမ်းသာကြိုဆိုစရာဖြစ်သည်။

BPLA သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေအတွင်း အခြေခံစစ်ပညာကို သင်ယူပြီး တပ်ကို ထူထောင်ခဲ့သည်။ အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်းကို ရက္ခိုင့်တပ်တော်(AA)က ပေးခဲ့သည်ဟု သိရသည်။ ရှမ်းပြည်မြောက်ပိုင်း၌လည်း အခြေစိုက်ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် စစ်ရေးအတွေ့အကြုံရှိ တပ်တခုဖြစ်သည်။

တနည်းအားဖြင့် BPLA သည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြားထဲမှ ပေါက်ဖွားခဲ့သည့် ဗမာကိုယ်စားပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဟု ဆိုရမည်။

၎င်းတို့၏ နိုင်ငံရေးရည်မှန်ချက်များမှာ (၁) အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ (၂) လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ (၃) ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး၊ (၄) ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ်ယူနစ် သို့မဟုတ် ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေး၊ (၅) ပြည်သူလူထုတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေး ဖြစ်သည်။

အဆိုပါ ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းထားသည့် BPLA က အညာဒေသသို့ အခြေချမည့်အကြောင်းပြောလာခြင်းဖြစ်သည်။

မဟာမိတ်ဒေသများ၌ တပ်တည်ဆောက်ပြီး တိုက်ပွဲအတွေ့အကြုံယူနေခြင်း၏ အဓိက ရည်မှန်းချက်သည် ဗမာအများစုနေထိုင်သည့် ပြည်မထဲသို့ ထိုးဖောက်ပြီး ယင်းဒေသ၌ စိုးမိုးနေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်၊ ချေမှုန်းရန်ဖြစ်သည်ဟူသော BPLA ကို ဦးဆောင်နေသူ မောင်ဆောင်းခ၏ ကတိစကားအတိုင်း ဖြစ်လာပြီဟု ဆိုရမည်။

အညာဒေသကို အခြေချမည့် BPLA အတွက်လည်း စိန်ခေါ်မှုများက အသင့်စောင့်ကြိုနေသည်ဟု ဆိုချင်သည်။

အညာဒေသသည် တော်လှန်ရေးအားကောင်းသလို လက်နက်ကိုင်အဖွဲ့အစည်း ရာချီရှိရာ NUG/MOD လက်အောက်ခံတပ်ရင်းများရှိသည့်နည်းတူ ၎င်းတို့၏ လက်အောက်ခံ မဟုတ်သည့် ဒေသတော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များစွာလည်းရှိကြသည်။

အဆိုပါ တပ်ရင်း၊ တပ်ဖွဲ့များကြား၌လည်း အပြန်အလှန် ဖမ်းဆီး သတ်ဖြတ်မှုများရှိကြသည်။ ယင်းအခြေအနေသည် MOD လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များကြား၌လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့ကြောင့် BPLA ကို ဦးဆောင်သူ မောင်ဆောင်းခက BPLA သည် NUG/MOD လက်အောက်ခံမဟုတ်သော်လည်း အညာဒေသသို့အခြေချသည့်အခါ NUG/MOD လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့အပါအဝင် တခြားသော ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့်ပါ ညီညွတ်ရေးကိုရှေးရှုပြီး အားလုံးနှင့်အတူတကွ ပူးပေါင်းရွက်ဆောင်သွားမည်ဟု ကြိုတင်အသိပေးထားသည်။

စစ်ရေးနှင့်ပတ်သက်ပြီး အညာဒေသ၏ နောက်ထပ်စိန်ခေါ်မှုတခုမှာ လက်နက်ကိုင်တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာလာသည့်တိုင် အညာတော်လှန်ရေးရဲဘော်အများစုသည် လက်လုပ်သေနတ်များကိုသာ ကိုင်နေရဆဲဖြစ်သလို လက်နက်ခဲယမ်းမလုံလောက်သည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရဆဲဖြစ်သည်။

ထို့ကြောင့်လည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့်တိုင် လက်နက်ခဲယမ်းမလုံလောက်သည့် အတွက် တချို့သောမြို့နှင့် စခန်းများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုက်သည့် အခြေအနေများရှိသည်။

ဤနေရာတွင် အထူးပြုထောက်ပြလိုသည်မှာ သက်ဆိုင်ရာတော်လှန်ရေးဦးဆောင်အဖွဲ့များ၏ ထောက်ပို့မှု အားနည်းနေခြင်း၊ ၎င်းတို့၏ အညာဒေသ တော်လှန်ရေးအပေါ် မတူညီသည့် ရှုမြင်ပုံများနှင့် BPLA ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အပြင် ဗမာဖက်ဒရယ်ယူနစ် သို့မဟုတ် ဗမာပြည်/ ဗမာပြည်နယ် တည်ဆောက်ရေးဆိုသည့် ရည်ရွယ်ချက် ရှိသည့် BPLA အတွက် နောက်ထပ်စိန်ခေါ်မှုတခုမှာ ကိုယ်စားပြုမှုမတူညီကြသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊ စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး) စသည့်အဖွဲ့အစည်းများကြား မည်သို့ ဟန်ချက်ညီညီ ထိတွေ့ဆက်ဆံသွားမလဲဆိုသည့်အချက် ဖြစ်သည်။

တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညီညွတ်ညွတ်တိုက်ပွဲဝင်ခဲ့သည့် BPLA သည် အညာဒေသ၌ စစ်အာဏာရှင်လက်နက်ကိုင်တော်လှန်ရေးကို ဗမာတိုင်းရင်းသားအချင်းချင်းနှင့် မည်သို့ဖော်ဆောင်သွားမည်ဆိုတာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။

အညာပြည်သူ၊ အညာဒေသအတွက် အမှန်တကယ်ကိုယ်စားပြုသည့် စစ်မှန်ကောင်းမွန်သော မည်သည့်လုပ်ရပ်မျိုးကိုမဆို၊ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းများကြားရှိ မည်သည့်ညီညွတ်ရေးကိုမဆို ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနက အစဉ်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။