myaelatt athan

Sharing Information to the Local

ဒီမိုကရေစီ၊ လူ့အခွင့်ရေးနှင့် တရားမျှတမှုကို တန်ဖိုးထားသည့် မြေလတ်အသံ (အယ်ဒီတာ့ အာဘော်)

0
0

မြေလတ်အသံ၊ စက်တင်ဘာ ၁၆၊ ၂၀၂၃။

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးခဲ့ကြသည့် နွေဦးတော်လှန်ရေး ခရီးအစမှသည် ယနေ့အထိ မြေလတ်အသံသတင်းဌာနသည် လူထုနှင့် တစိတ်တည်း တဝမ်းတည်းရှိနေဆဲဖြစ်သည်ဆိုတာကို ဦးစွာပြောလိုသည်။

စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ခြင်းမှသည် လက်နက်ကိုင်တော်လှန်ခဲ့ကြသည့် ပဲခူး၊ မကွေးနှင့် စစ်ကိုင်းစသည့် မြေလတ်ဒေသရှိ ပြည်သူလူထု၏ အာဏာရှင်စနစ်တော်လှန်ရေးကြီးကို မြေလတ်အသံသတင်းဌာနက အစဉ်အစိုက်စောင့်ကြည့်ကာ သတင်းများကို ပုံစံမျိုးစုံဖြင့် ရေးသားတင်ဆက်ပေးခဲ့သည်။

ယင်းသို့ ရေးသားတင်ဆက်ရာတွင်လည်း ကျွန်ု်ုတို့ မြေလတ်အသံသည် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး လိုလားသည့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ပေါ်ထွန်းလာရေးဆိုသည့် ရည်ရွယ်ချက်ကို မသွေဖည်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ကို တန်ဖိုးထားလျက် မီဒီယာစံနှုန်းများ၊ မီဒီယာကျင့်ဝတ်များကို လက်ကိုင်ထားကာ ရေးသားဖော်ပြခဲ့သည်။

အထက်ပါ ရည်ရွယ်ချက်နှင့် စံနှုန်းတန်ဖိုးများကို လက်ကိုင်ထားသည့်အလျှောက် ဤနေရာတွင် အထူးပြုပြောလိုသည်မှာ ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနသည် လူပုဂ္ဂိုလ်တဦးတယောက်အတွက်၊ အဖွဲ့အစည်းတခု၊ ပါတီတခုအတွက် ရပ်တည်ရေးသာမည်မဟုတ်ဆိုသည့် အချက်ပင် ဖြစ်သည်။

ကျွန်ုပ်တို့သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစံနှုန်းများကို တန်ဖိုးထား လေးစားလိုက်နာသည့်နည်းတူ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း ပြည်သူလူထုအပေါ် ပြုကျင့်နေသော မည်သည့်အဖွဲ့အစည်းကလုပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကိုမဆို ကျွန်ု်ုတို့အနေဖြင့် ရေးသားဖော်ထုတ်သွားမည်ဆိုတာကို အတိအလင်းပြောကြားလိုပါသည်။

လက်ရှိတွင်လည်း ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနသည် အညာဒေသရှိ ပြည်သူလူထု၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အချင်းချင်း လက်နက်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့်မှုများကို ဖော်ထုတ်ရေးသားလျက်ရှိသည်။

ဤသို့ ဖော်ထုတ်ရေးသားရာတွင် တော်လှန်ရေးကို ထိခိုက်နစ်နာစေနိုင်သည်ဆိုသည့်အချက်ကို ထောက်ရှုသည့်နည်းတူ တဖက်တွင်လည်း အမှန်တရားပေါ်ပေါက်ရေးမှာ ကျွနှ်ပ်တို့၏ တန်ဖိုးထားမှုတခုဖြစ်သည်။ ယင်းမှာလည်း အနာဂတ်တွင် ဖြစ်ထွန်းလာမည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အာဏာရှင်ကို တော်လှန်ရင်း တည်ဆောက်နေခြင်းဖြစ်သည်ဟု ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနက မှတ်ယူသည်။

ထို့နည်းတူ ကျွနှ်ပ်တို့ မျှော်မှန်းသည့် အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မည်သည့်အာဏာရှင်ပုံစံမျိုးကိုမှ မပေါ်ပေါက်စေရ၊ လူမျိုးကြီးဝါဒအစွဲကင်းသော တန်းတူညီမျှမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့်အတူ ကိုယ်တိုင်ပြဌာန်းခွင့်ကိုလည်း အာမခံချက်အပြည့်ပေးရမည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟု ကျွနှ်ပ်တို့က ယုံကြည်ထားသည်။

ထို့ကြောင့် ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနက တော်လှန်ရေးကြီးတွင် ပြည်သူနှင့် တစိတ်တည်း၊ တဝမ်းတည်းရှိသလို လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားမျှတမှုအတွက် အမှန်တရားဘက်မှာသာ ရပ်တည်မည်ဖြစ်ကြောင်း အလေးအနက် ထပ်လောင်းပြောကြားလိုသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။