26 July 2026 8:17 PM

NUG နဲ့ PDF ကိုထောက်ခံသူဆိုပြီး အဖမ်းခံထားရသူ ၂ ဦးကို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချ

0 1
0 1

မြေလတ်အသံ၊ ဧပြီ ၂၈၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ -NUG နဲ့ PDF အဖွဲ့တွေကို ထောက်ပံ့ကူညီတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က အမျိုးသားနှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေနဲ့ ထောင်ဒဏ်အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

ကိုပြည့်ဖြိုးဦးနဲ့ ကိုကောင်းခန့်ဖြိုး ဆိုသူဖြစ်ပြီး သူတို့ကို ဧပြီလ ၂၇ ရက် မနေ့ကနေ့လယ်ပိုင်းက သာယာဝတီထောင်တွင်းတရားရုံးမှာ အမိန့်ချမှတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ကိုပြည့်ဖြိုးဦးကို ပုဒ်မ ၅၀(က)/၅၄ နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၅၂ (က)နဲ့ ထောင် ၃ နှစ်၊ စုစုပေါင်း ထောင် ၁၃ နှစ်ချမှတ်ရာက ၃ နှစ်လျှော့ရက်ရလို့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး၊ ကိုကောင်းခန့်ဖြိုးကို ပုဒ်မ-၅၀၅(ခ)နဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့တာလို့လည်း ဆိုပါတယ်။

“စစ်ကောင်စီဘက်က NUG နဲ့ PDF တွေကို အားပေးထောက်ခံတယ်ဆိုပြီးထောင်ချတာက မတရားတဲ့ လုပ်ရပ်ဖြစ်တယ်၊ ဘာသက်သေမှလည်း မရှိဘူး၊ ဒီလိုမတရားထောင်ချတာကို ကန့်ကွက်ရှုတ်ချပါတယ်”လို့ လက်ပံတန်းဒေသခံတဦးက ပြောပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှာ ဖမ်းဆီးခံခဲ့ရကာ ခလရ ၃၅ တပ်စခန်းမှာ စစ်ဆေးခံရပြီးနောက်ပိုင်း သာယာဝတီထောင်ကို ပို့ဆောင်ခံထားရတာလည်း ဖြစ်ပါတယ်။

အလားတူ NUG နဲ့ PDF ကိုအားပေးတယ်ဆိုပြီး လက်ပံတန်းမြို့က Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေနဲ့ ဇနီးဖြစ်သူ မဝေဝေလွင်၊ ဖြူစင်လူငယ် ပရဟိတအသင်းဥက္ကဌ ကိုဝင်းမင်းစိုး၊ လက်ပံတန်း ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း ကိုအောင်ကုဋေစိုးနဲ့ အကိုဖြစ်သူ ကိုဝဠာစိုး၊ မူလတန်းကျောင်းဆရာ ကိုဇင်ဖြိုးကို၊ ညောင်ဝိုင်းရွာက ကိုဇွဲညီ နဲ့ ဇနီးဖြစ်သူ ကျောင်းဆရာမ မအိဇာဇာသန့်၊ ဥတိုချောင်းဖျားရွာက ကိုဇော်မျိုးဦး၊ ကံကြီးလမ်းမှ ကိုထွေးကိုနဲ့ ကိုဇင်မင်းကို၊ ကမ်းပြိုကြီးရွာမှ ကိုဝင်းစိုးတို့လည်း ဖမ်းဆီးထောင်ချ ခံထားရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။