11 July 2026 5:48 PM

စစ်ကော်မရှင်တပ်ရဲ့ နေပြည်တော်လုံခြုံရေးစခန်း ၁ ခုကို PLA သိမ်းယူ

0 13
0 13

မြေလတ်အသံ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၅။

နေပြည်တော်၊ ဥတ္တရသီရိတပ်ကုန်းမြို့နယ်၊ ရတနာမြေအခြေပြု လုံခြုံရေးစခန်းကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ PLA ရဲ့ အတွင်းရေးမှူးဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်က အနီးဝန်းကျင်ကကျေးရွာတွေကို စစ်ကြောင်းထိုးရင်း ၂ နှစ်ကြာတပ်စွဲနေတဲ့အဲ့ဒီစခန်းကို PLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထွက်ပြေးသွားချိန်မှာ သိမ်းယူနိုင်ခဲ့တာဖြစ်ကြောင်း PLA အတွင်းရေးမှူး ဒေါ်နီနီကျော်က မြေလတ်အသံကို ပြေပါတယ်။

“ရန်သူက၊ ကင်းက အရပ်သားတွေပါ ခေါ်ပြီး ပေါ်တာဆွဲပြီး ကင်းစောင့်ခိုင်းထားတာပေါ့နော်၊ သူတို့ စစ်သားတွေရောပေါ့နော်၊ ဆိုတော့ ဒီဖက်က လာတိုက်ပြီဆိုတဲ့အခါမှာတော့ သူတို့လည်း မခုခံနိုင်တော့ ထွက်ပြေးသွားတာပေါ့။ ရန်သူဘက်က ထွက်ပြေးသွားတယ်၊ ထွက်ပြေးသွားတော့ ကျည်ဖောက်စရာ မလိုဘူးပေါ့နော်” လို့ ဒေါ်နီနီကျော်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် နှစ်ဖက်အထိအခိုက်မရှိခဲ့ဘဲ ကျည်၊ ငွေ၊ ရိက္ခာနဲ့ စစ်တပ်ယူနီဖောင်းတွေရရှိခဲ့ပြီး ယူနီဖောင်းတွေကိုတော့ မသယ်ယူနိုင်တာကြောင့် မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေရာကကျတော့ ရန်သူရဲ့ အသည်းနှလုံးနေရာပေါ့နော်၊ အသည်းနှလုံးနေရာကို သွားပြီးတော့ တိုက်ပွဲဝင်တယ်၊ တိုက်ခိုက်တယ်ဆိုတဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ပေါ့နော်၊ သူတို့ရဲ့ တိုက်ပွဲဝင်လိုတဲ့ ပြင်းပြတဲ့ စိတ်ဓာတ်တွေကို အလေးပြုပါတယ်၊ ပြည်သူလူထုဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးချင်တဲ့ ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကိုလည်းလေ အလေးနီပြုပါတယ်၊” လို့ ဒေါ်နီနီကျော်က ပြောပါတယ်။

သွားရောက်တိုက်ခိုက်ချိန်မှာလည်း စစ်ကော်မရှင်ဘက်က အင်အားနည်းတဲ့အနေအထားရှိတယ်လို့ သိရပြီး လက်ရှိအချိန်ထိ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ စခန်းအနီးတဝိုက်ကကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဟာ မိုးကုတ်၊ မိုးမိတ်၊ စစ်ကိုင်း၊ ပုလဲ၊ တနင်္သာရီ စတဲ့မြို့နယ်တွေအပါအဝင် ဒေသအနှံ့မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆိုင် တိုက်ပွဲဝင်နေတယ်လို့ PLA အတွင်းရေးမှူးဒေါ်နီနီကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း PLA တပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ ကပစ ၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ် အောင်ဇော်နိုင်နဲ့ ရဲဒုတပ်ကြပ် ထွန်းပြည့်စုံတို့ကို စစ်ဆေးဖမ်းဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။