ဝက်လက်၊ နိုဝင်ဘာ ၁၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာ၊ ကျီးကန်မြောက်ရွာနဲ့ ကျီးရစ်ကန်ရွာတို့ကို စစ်ကော်မရှင်စစ်ကြောင်းက မီးထပ်ရှို့တာကြောင့် အိမ်ခြေ ၁၀၀ နီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက်မနက် ၈ နာရီကျော်မှာ ရွာသာကြီးရွာကထွက်လာတဲ့ တပ်မ ၃၃၊ ရွှေဘို လေ့ကျင့်ရေး ၈ စစ်ကော်မရှင်တပ်တွေအပါအင်အား ၄၅၀ ကျော်က ပင်းဇင်းကျေးရွာကိုမီးရှို့ပြီး နေ့လယ် ၁၂ နာရီကျော်ခန့်မှာ ကျီးကန်မြောက်ရွာက နေအိမ်တွေကိုမီးထပ်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီတခါမီးတင်တာတော့ မီးပုံးပျံဦးကျော်ရင် မှိုင်းတင်သလိုပဲ။ နှစ်ရွာလုံးကတော့ကုန်လုနီးပါး။ အကုန်တော့မကုန်သေးဘူး။ ပင်းဇင်းအရင်ရှို့တာ။ မီးရှို့တဲ့စစ်ကြောင်းကညနေပိုင်း လှတော ပြန်ဝင်တယ်။ လှတောမှာက ဟိုတုန်းကတည်းအထိုင်ရှိတာ။ အခုဆို ၇ ရွာကျော်ပြီး မီးရှို့ခံရတာ”လို့ ဒေသခံတဦးကပြောပါတယ်။
အိမ်ခြေ ၁၇၀ ခန့်ရှိတဲ့ ပင်းဇင်းရွာက နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီးပြီး အိမ်ခြေ ၁၅၀ ခန့်ရှိတဲ့ ကျီးကန်မြောက်ရွာက နေအိမ် ၇၀ ခန့်မီးရှို့ခံရတယ်လို့ သိရပါတယ်။
ပင်းဇင်းနဲ့ကျီးကန်မြောက်ရွာကို စစ်ကြောင်းဝင်ချိန် ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေလောက်သာပြုလုပ်နိုင်ပြီး ထိခိုက်တော့မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက်ဒီမနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်တွေက ကျီးရစ်ကန်ရွာကို ထပ်မံမီးရှို့နေပြီး ပျက်စီးမှုကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၅ ရက်မှာ ထုံးဘို၊ ရွာတော်ကုန်း၊ တမာကုန်း၊ တံတားဦး၊ နိုဝင်ဘာ ၆ ရက်မှာ ထုံးဘိုကုန်း၊ နိုဝင်ဘာ ၇ ရက်မှာ ကဒူ၊ မြင်တော်၊ နိုဝင်ဘာ ၈ ရက်မှာ ရွာတော်ကုန်း၊ နိုဝင်ဘာ ၉ ရက်မှာ ထုံးဘို၊ နိုဝင်ဘာ ၁၁ ရက်မှာ လှတောနဲ့ ရွှေကျင်ရွာတို့က စုစုပေါင်း နေအိမ် ၁၀၀ ဝန်းကျင်မီးလောင်ပျက်စီးထားပြီး မြေပြင်မှာပိုများနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်က အင်အားအများအပြားနဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
စာတည်း – လင်း