myaelatt athan

Sharing Information to the Local

⁨မြင်းခြံမြို့နယ် ကံဆင့်ရွာဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး

မြင်းခြံ၊ မတ် ၂၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံဆင့်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရပြီးအမျိုးသား ၁ ဦးသေဆုံးကာ နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

မတ် ၂၀ ရက်ည ၁၁ နာရီကျော်ခန့်မှာ မြင်းခြံမြို့ရှိ ခမရ ၁၅ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟောင်ဝစ်ဇာနဲ့ ကံဆင့်ရွာဘက်ကို လက်နက်ကြီး ၅ လုံးပစ်ခတ်ပြီးနောက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတာတွေပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

“ရွာခံတွေက လက်နက်ကြီးနဲ့ပစ်နေတဲ့အချိန်မှာ ဗုံးခိုကျင်းထဲနေကြတာ။ ပစ်ပြီးတော့ ဦးလှကိုက ရွာသားတွေထိခိုက်ရှိ၊ မရှိ ထွက်ကြည့်တဲ့အချိန်မှာ လေယာဥ်ဗုံးက သူအိမ်ပေါ်တည့်တည့်ကျတာမှာ သူ့ကိုထိသွားတာ”လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လေယာဥ်ဗုံးထိမှန်လို့ အသက် ၄၀ ကျော်အရွယ် ဦးလှကိုဟာ နေရာမှာတင်သေဆုံးပြီး ကျေးရွာထဲက နေအိမ် ၃ လုံးလည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

ခုလိုပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကံဆင့်ရွာက ဒေသခံအများစုဟာ ကျေးရွာကနေ တိမ်းရှောင်နေကြပြီး မတ် ၂၂ ရက်မနက်ပိုင်းထိတော့ ရွာထဲကို အားလုံး ပြန်မရောက်ကြသေးဘူးလို့ သိရပါတယ်။

ကံဆင့်ရွာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာမျိုးခံရပေမယ့် စစ်ကြောင်းထိုးဝင်ရောက်တာ လေကြောင်းကနေ ဗုံးကြဲခံရတာမျိုးမရှိဘဲ အခုအကြိမ်က ပထမဆုံးအကြိမ် လေကြောင်းကနေဗုံးကြဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်ခံရလို့ ကလေးငယ် ၃ ဦးနဲ့ကာကွယ်ရေးအဖွဲ့ဝင်တွေအပါအဝင် ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။