27 July 2026 12:23 AM

မန္တလေး-မတ္တရာ-မိုးကုတ် ကားလမ်းပေါ်က ကျောက်စရစ်ကုန်းတံတား မိုင်းခွဲခံရပြီးပျက်စီး

0 32
0 32

မတ္တရာ၊ အောက်တိုဘာ ၃၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါကျေးရွာအနီး မန္တလေး-မတ္တရာ-မိုးကုတ် ကားလမ်းပေါ်ရှိ ကျောက်စရစ်ကုန်းတံတား မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်မနက် ၁ နာရီခန့်မှာ မိုင်းခွဲခံရလို့ မြောက်တံငါကျေးရွာဘက်ခြမ်းက တံတားမှာ ပေ ၆၀ ခန့် ပြိုကျပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“တံတားက မြောက်တံငါကျေးရွာနားမှာ ကျိုးသွားတာ။ မြောက်ဘက်အဖွဲ့အစည်းတွေရှိတဲ့ဘက် ကျိူးတာ။ တံတားက မြောက်တံငါနဲ့တောင်တံငါရွာကို ဆက်ထားတာ။ အဲဘက်ခြမ်းက အရင်တိုက်ပွဲတွေကတည်းကမရှိဘူး။ တံတားကတော့ ဒေသခံတွေအသုံးမပြုတာကြာပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းက အောက်တိုဘာ ၂၉ ရက်ကတည်းက တောင်တံငါကျေးရွာဘက်ခြမ်းမှာ ရောက်ရှိတပ်စွဲနေတယ်လို့ ဆိုပါတယ်။

မိုင်းခွဲခံရတဲ့ ကျောက်စရစ်ကုန်းတံတားဟာ အကျယ်ပေ ၃၀၊ အရှည်ပေ ၃၆၀ ရှိတဲ့ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ၂၀၀၀ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဒေသဟာ ၂၀၂၄ ခုနှစ်လောက်ကတည်းက ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်နေပြီး စစ်ကော်မရှင်တပ်တွေနဲ့မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေတယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် ညပိုင်းကလည်း ရွှေဘို-ကျောက်မြောင်း- စဉ့်ကူး- လက်ပန်လှကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားဖြစ်တဲ့ ရတနာသိင်္ခတံတားကို မိုင်းခွဲခံရပြီး ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ အဆိုပါ တံတား ၂ စင်းလုံးကို MDY-PDF ပူးပေါင်းအဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်တာလို့ ရေးသားဖော်ပြနေကြပြီး ဘယ်အဖွဲ့အစည်းကဖောက်ခွဲတယ်ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။