◼ ဒုဗိုလ်မှူးကြီးအပါ ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ ၂ ဦးအရှင်ဖမ်းမိ
ရေတာရှည်၊ အောက်တိုဘာ ၂၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ အင်အား ၆၀ ကျော်နဲ့ ၁ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို နာရီပိုင်းအတွင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တာဝန်ရှိသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၀ ရက် နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်မှာ ဘန်ကာ ၄ ခု၊ ပင်မစခန်း ၁ ခု ရှိနေတဲ့ စစ်ကော်မရှင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ညနေ ၃ နာရီမထိုးခင်အချိန်မှာ နေရာအားလုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“တနှစ်ကျော်ကြာပြီး။ ဘန်ကာ၊ ကာကင်းတွေနဲ့အခိုင်အမာတပ်စွဲထားတဲ့နေရာဖြစ်တယ်။ အရင်တခေါက်ကလည်းကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် အောင်မြင်မှု မရရှိခဲ့ဘူး။ ဝင်တိုက်ခဲ့တဲ့နေရာမှာ တနာရီမတိုင်ခင် တနာရီအတွင်း ကာကင်းတွေ ပင်မသူတို့စခန်းဖြစ်တဲ့ သူတို့ထိုင်တဲ့ဘုန်းကြီးကျောင်းပေါ့။ ဘုန်းကြီးတော့မရှိတော့ဘူး။ ရွာဘုန်းကြီးကျောင်းစခန်းတွေ ကာကင်းစခန်းတွေအကုန်လုံးသိမ်းပိုက်ရရှိခဲ့တယ်”လို့ နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ လေကြောင်းရန်ကာကွယ်ရေးတပ်/လကတ-၂၀၂၉ တပ်က ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်ကို လက်နက်ချဖို့ပြောပေမယ့် လက်မခံဘဲ ပြန်ပစ်ဖို့ကြိုးစားလာတာကြောင့် အသေပစ်ခတ်ခဲ့ကာ ၎င်းအပါအဝင် စစ်ကော်မရှင်ဘက်က ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲခဲ့သလို ပွိုင့် 5 တွေနဲ့ လည်းပစ်ခတ်ပြီး ဆွာရွာမအထိုင်ချ စခန်းကနေလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းဂျန်ဘာ အထိုင်စက်ကြီး ၁ လုံး၊ MA-11 ၁ လက်၊ MA-3 ၁ လက်၊ G3 ၃ လက်၊ ၆၀ မမ ၁ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမကျည် ၅ လုံး၊ ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ ၁,၀၀၀ ခန့်နဲ့မီးစက် ၁ လုံးကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းခဲ့ပြီး ကျန်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဆွာရွာမဘက်က ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာနလက်အောက်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၂၃ ရက်ကလည်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ အိုးမြေဒူးကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်အဖွဲ့တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း