မိတ္ထီလာမြို့ပေါ်မှာ ရဲကားတစီး လက်ပစ်ဗုံးပစ်တိုက်ခိုက်ခံရ (ရုပ်/သံ)

0 19
0 19

မိတ္ထီလာ၊ အောက်တိုဘာ ၁၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အောင်ဆန်းနဲ့ပေါက်ချောင်းရပ်ကွက်ကြား ပညာရေးကောလိပ်ရှေ့မှာ စစ်ကော်မရှင်လက်‌အောက်ခံ ရဲကားပေါ် လက်ပစ်ဗုံးပစ်တိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်မနက် ၁၁ နာရီခန့်မှာ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်ကနေ စစ်ဆေးရေးလုပ်ပြီးပြန်လာတဲ့ ရဲကားကို ဆိုင်ကယ်နဲ့လာသူ အမျိုးသား ၂ ဦးက ကားပေါ်ကို ဗုံးပစ်တင်ခဲ့တာလို့ဆိုပါတယ်။

“ပိတ်ဆို့စစ်ဆေးပြီး ပြန်လာတဲ့ လုံခြုံရေးကားပေါ်ကိုအနောက်ကနေ ဆိုင်ကယ်နဲ့လာပြီး ပေါက်ကွဲစေတတ်တဲ့ဗုံးလိုမျိုးပစ်တင်လိုက်တာ။ ကားပေါ်မှာတော့ တပ်ဖွဲ့ဝင် လေးငါးယောက်တော့ပါတယ်။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတဦးကပြောပါတယ်။

အဆိုပါ ကားပေါ်မှာ စစ်ကော်မရှင်တပ်သားတွေမပါဘဲ ရဲတပ်ရင်းနဲ့ခရိုင်ရဲတပ်ဖွဲ့ဝင်တွေသာဖြစ်ပြီး ဗုံးပေါက်ကွဲလို့ ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ ရဲတွေကိုတော့ ရဲကားနဲ့ပင် မိတ္ထီလာပြည်သူ့ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်ဆိုတာ အောက်တိုဘာ ၁၃ ရက်နေ့အထိ သတင်းထုတ်ပြန်တာမျိူးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကလည်း မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦးနေအိမ်မှာ ပစ်သတ်ခံရလို့သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။