မင်းဘူး၊ အောက်တိုဘာ ၆၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်းက ယာယီတပ်ရင်းမှူး ၁ ဦး ကိုယ်တိုင်အဆုံးစီရင်သွားတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
အောက်တိုဘာ ၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်းက အသက် ၃၁ နှစ်အရွယ် ယာယီတပ်ရင်းမှူး ဟိုးကြီးဟာ တပ်စခန်းရှိသူ့ရဲ့အခန်းထဲမှာ ကိုယ့်ကိုယ်သေနတ်နဲ့ ပစ်ပြီး အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။
“သူ ဒီလိုမလုပ်ခင် အထက်ကဖိအားအရမ်းပေးခဲ့တယ်၊ စိတ်အတော်ပင်ပန်းနေပြီလို့ ပြောပါတယ်၊ သူ့ကိုယ်သူ ပစ်သတ်သွားတာဗျ၊ အခန်းထဲမှာ တစ်ယောက်တည်းရှိတဲ့အချိန် ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ” လို့ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် Viper က ပြောပါတယ်။
အဆုံးမစီရင်ခင်ကာလတွေအတွင်းမှာလည်း မင်းဘူးခရိုင်တာဝန်ရှိသူတချို့က တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို့ တပ်ဖွဲ့ဝင် Viper က ပြောပါတယ်။
“တပ်ကထွက်လို့မရဘူး၊ ထွက်ရင် အကုန်လုံးဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်ဗျ၊” လို့ သူကပြောပါတယ်။
ဒါ့အပြင် အဆုံးမစီရင်ခင်မှာလည်း “ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဆိုကာ တပ်ရင်းမှူးဟိုးကြီးက စာတစောင်ရေးထားခဲ့ပါသေးတယ်။
ဈာပနအခမ်းအနားကိုတော့ အောက်တိုဘာ ၁ ရက် မနက် ၈ နာရီက စေတုတ္တရာမြို့နယ် အတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သူဟာ ၂၀၂၁ အတွင်းစတင်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲကိုစတင်ဝင်ရောက်လာသူဖြစ်ပြီး အခုနှစ်ဇူလိုင်လမှာ မင်းဘူးခရိုင်တပ်ရင်း ၃ ရဲ့ယာယီတပ်ရင်းမှူးဖြစ်လာတာလို့ သိရပါတယ်။
စာတည်း – လင်း