တော်လှန်ရေးတပ်တချို့လုပ်ကိုင်မယ့် လောင်းပြည့်ကျွန်းရွှေမျောစီမံကိန်းကို မင်းကင်းဒေသခံ ထောင်နဲ့ချီ ဆန္ဒပြကန့်ကွက်

0 6
0 6

မင်းကင်း၊ အောက်တိုဘာ ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာ နုန်းတင်မြေနုကျွန်းပေါ်မှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတဲ့ ရွှေမျောတာဝန်ရှိသူတွေကို အောက်တိုဘာ ၂ ရက် ဒီမနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ လောင်းပြည့်ကျွန်းရွှေမျောကိုလည်ပတ်ဖို့ စက်တင်ဘာ ၂၆ ရက်ကစပြီး ရွှေမျောတာဝန်ရှိသူတွေက ပြင်ဆင်ခဲ့ကြတာဖြစ်ပြီး သဘာဝဘေးအန္တရာယ်နဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းအန္တရာယ်ကိုစိုးရိမ်တဲ့အတွက် ဒေသခံကျေးရွာတွေက လက်မခံနိုင်ဘဲ ဆန္ဒပြခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။

“အဓိက ပြည်သူလူထုအနေနဲ့ ဒီဟာလက်မခံရတဲ့အကြောင်းအရင်းက ရွှေမျောဖြစ်လာပြီဆိုရင် ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေးကစလို့ လေယာဉ်အန္တရာယ် ရောက်လာမှာတွေရယ်၊ ယန္တရား ပျက်စီးမှုကြောင့်မို့ ရေတိုက်စားမှုကြောင့်တို့ ရွာတွေထိခိုက်လာနိုင်တာတွေအတွက်တွေရယ်၊ သူတို့ရဲ့ လုံခြုံရေး၊ စစ်ရေး လုံခြုံရေးပေါ့နော်၊ အဓိကကတော့ လေယာဉ်ပေါ့၊ အချိန်မရွေးလာနိုင်တယ်၊ ဒါမျိုးတွေကစလို့ လက်မခံနိုင်လို့။” လို့ ဒေသခံတဦးကမြေလတ်အသံကို ပြောပါတယ်။

မင်းကင်းမြို့နယ်၊ သင်းတောရွာမှာ ပြုလုပ်ခဲ့တဲ့ဒီဆန္ဒပြပွဲမှာ လောင်းပြည့်ရွာ၊ အနောက်တောရွာ၊ အုန္နဲဘုတ်ရွာ၊ ဘင်ရွာ၊ ညောင်ပင်သာရွာ၊ ဇင်ကလဲရွာ၊ သင်းတောရွာက ဒေသခံထောင်ကျော် ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွှေမျောဖောင်တွေ ပြင်ဆင်ထားတဲ့ လောင်းပြည့်ကျွန်းပေါ်ကယာမြေတွေမှာ ဒေသခံတွေက သီးနှံစိုက်ပျိုးကာ လုပ်ကိုင်စားသောက်ကြရတာဖြစ်ပြီး ရွှေမျောကြောင့်ကမ်းပါးပြိုပြီး မြေယာတွေ ဆုံးရှုံးရမှာနဲ့ ရွာတွေအထိ ရေတိုက်စားခံရမယ့် စိုးရိမ်မှုတွေလည်းရှိနေတယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။

“အဲ့ဒီကျွန်းတွေမှာဆိုလို့ရှိရင် ပြည်သူလူထု စိုက်ခင်းတွေ၊ ယာခင်းတွေ လုပ်ကိုင်စားသောက်တဲ့ နေရာပေါ့၊ အဲ့လိုနေရာ၊ သူတို့သာ အဲ့ဒီလို ရွှေကျင်လိုက်မယ်ဆိုလို့ရှိရင် သယံဇာတအနေနဲ့ ရေတိုက်စားပြီး ဒီကျွန်းတွေက ပါသွားနိုင်တယ်၊ နောက်တဖြည်းဖြည်း သူတို့ရဲ့ ယာခင်းမှမဟုတ်ဘူး၊ သူတို့ရဲ့ ရွာတွေကိုပါ တိုက်စားမှု ဖြစ်လာနိုင်တယ်ပေါ့နော်၊ ရွာတွေပါ ထိခိုက်ပျက်စီးလာနိုင်တယ်။” လို့ ဒေသခံကပြောပါတယ်။

ဒီရွှေမျောစီမံကိန်းကို မင်းကင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တချို့ရဲ့တာဝန်ရှိသူတွေက ဦးစီးကွပ်ကဲနေတာလို့ သိရပြီး ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမရှိဘူးလို့ အထက်ပါဒေသခံကပြောပါတယ်။

အဆိုပါဆန္ဒပြမှုနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံကို ဆက်သွယ်မေးမြန်းခဲ့ရာ မြို့နယ်တွင်းတပ်ရင်းတပ်ဖွဲ့တွေက တိုက်ခိုက်ရေးရန်ပုံငွေအတွက် ရွှေမျောမောင်းဖို့စာတင်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆဲအခြေအနေသာဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

“ဒါ ကျနော်တို့က မဟုတ်တာလုပ်ရင်လည်း (ဆန္ဒ)ပြခံရမှာ၊ ဟုတ်တာလုပ်လည်း ဒီကာလမှာတော့ ကျနော်တို့က တာဝန်ခံအဆင့်ပဲ ရှိတာကိုး၊ အဲ့ဒါဆိုတော့ ကျနော်တို့အနေနဲ့ ပြုပြင်သင့်တာတွေ ပြုပြင်မယ်၊ ဒါကလည်း ကျနော်တို့ လုပ်တဲ့ကိစ္စမဟုတ်တဲ့အတွက် ကျနော့်အနေနဲ့ မှတ်ချက်ပေးလို့မရဘူး၊ အုပ်ချုပ်သူ အစုအဖွဲ့ဆိုတာ ကျနော်တို့က စီမံလို့ပဲ ရတာ၊ ဆုံးဖြတ်လို့က ရတဲ့ကိစ္စမဟုတ်ဘူး၊ ပြီးတော့ ဒါတွေက တော်လှန်ရေးကာလ တော်လှန်ရေးရန်ပုံငွေ အလို့ငှါ လုပ်ကြကိုင်ကြရတာဖြစ်တဲ့အတွက် တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဝန်ကြီးဌာနတွေပဲ စကားပြောသွားပါလိမ့်မယ်။” လို့ မင်းကင်းမြို့နယ်ပအဖတာဝန်ခံက ဖြေကြားပါတယ်။

ရွှေမျောလုပ်ကွက်လည်ပတ်နေစဉ် ရေတိုက်စားတာနဲ့ ကမ်းပြိုတာတွေမဖြစ်စေဖို့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ မင်းကင်းမြို့နယ် ပအဖတာဝန်ခံက ဆက်ပြောပါတယ်။

“အခုကျနော်တို့ ကျင့်သုံးနေတာကတော့ ကမ်းတင်တဲ့ စနစ်ပေါ့၊ သဲစာကို ကမ်းတင်ပြီးမှ သဲကို ဖြည်းဖြည်းချင်းစုပ်ယူသွားတဲ့ စနစ်ဆိုတော့ ရေတိုက်စားဖို့တော့ မရှိဘူး၊ ကမ်းပြိုဖို့လည်း တော်တော်နည်းတဲ့ပုံစံတော့ရှိတယ်၊ အဲ့လို ကျွန်းတွေဘာတွေ မထိဖို့၊ မြစ်ကမ်းပါးတွေ မထိဖို့ဆိုရင်တော့ ကျနော်တို့အုပ်ချုပ်ရေးကတော့ စီမံရုံပဲရှိတာပါ။”လို့ ပအဖတာဝန်ခံက ပြောပါတယ်။

လောင်းပြည့်ကျွန်းဟာ ချစ်တွင်းမြစ်ကမ်းဘေး မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာအနီးမှာရှိပြီး ယခင်က ရွှေတူးဖော်တာမျိုးတွေမရှိခဲ့ဘဲ ယခုမှ ကျွန်းတဝိုက်မှာ ရွှေမျောဖောင် ဆယ်နဲ့ချီချထားပြီး တူးဖော်ဖို့ ပြင်ဆင်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

၂၀၂၄၊ မတ် ၆ ရက်ကလည်း မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာအနီး ကမ်းပြည့်ရွှေမှော် လုပ်ငန်းခွင်ကြောင့် ဒေသခံပြည်သူလူထုရဲ့ စိုက်ခင်းပျက်စီးတာတွေ၊ ရွှေမျောရပ်တန့်ဖို့ပြောပေမယ့် မရပ်တန့်ခဲ့တာတွေကြောင့် မင်းကင်းမြို့နယ်ဒေသခံတွေက မြို့နယ်ပအဖတာဝန်ခံ အပါအဝင် ရွှေမျောအာဏာပိုင်တွေကို ရာထူးကထုတ်ပယ်ဖို့အထိ ဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။