မြေလတ်အသံ၊ စက်တင်ဘာ ၂၈၊ ၂၀၂၅။
မိုးသည်းထန်စွာရွာပြီး တောင်နံရံပြိုကျမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော-ကျောက်ထု ကတ္တရာ ကားလမ်းပိုင်းကို ပြုပြင်နေဆဲဖြစ်တာကြောင့် ယာဥ်ငယ်တွေကို အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပြုထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပျက်စီးသွားတဲ့ လမ်းအရှည် ပေ ၂၀၀ ခန့်ကို စက်တင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် ဒီကနေ့အထိ ပြုပြင်နေရဆဲဖြစ်တာကြောင့် ကုန်ကားကြီးတွေကိုသွားလာခွင့်မပေးဘဲ အိမ်စီးကား၊ ခရီးသည်တင် ကားငယ်တွေနဲ့ ကယ်ရီဆိုင်ကယ်တွေကိုသာ သွားခွင့်ပြုပေးနေရတာလို့ ဆိုပါတယ်။



“အချိန်တွေက အလုပ်လုပ်ချိန် ၁ နာရီခွဲလောက်ကြာရင် ၁ ကြိမ်သွားခွင့်ပြုပါတယ်။ အလုပ်နားချိန် ခွင့်ပြုတာမဟုတ်ပါ။ ခရီးသွားတွေသွားနိုင်ဖို့ လုပ်ငန်းရပ်ပေးရတာပါ။ အချိန်ကို နာရီနဲ့ပြောလို့မရဘူး။ စက်ယန္တရားတွေနဲ့ အလုပ်စလုပ်ပြီး ၁ နာရီလောက်ကြာရင် တကြိမ်သွားခွင့်ပြုတယ်” လို့ လမ်းပြုပြင်ရာမှာ ဦးဆောင်လုပ်ကိုင်ပေးနေတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။
စက်တင်ဘာ ၂၇ ရက်မနေ့ကမနက်ပိုင်းမှာ လမ်းပြုပြင်နေဆဲကြားကနေ ကားတွေ၊ ဆိုင်ကယ်တွေကို ၃ ကြိမ်ခွင့်ပြုပေးခဲ့ရပြီး စက်တင်ဘာ ၂၈ ရက်ဒီကနေ့မှာတော့ မနက်ပိုင်း ၁ ကြိမ်သာ သွားခွင့်ပြုခဲ့ရပြီး လမ်းအနေနဲ့ ယာဥ်ကြောတဖက်စီပဲသွားခွင့်ပြုရတာကြောင့် ၁ ကြိမ်ကို မိနစ် ၂၀ ခန့်ကြာမြင့်တယ်လို့ သိရပါတယ်။



လက်ရှိပြုပြင်နေရတဲ့ ကားလမ်းပိုင်းဟာ ပြိုကျသွားတဲ့ကတ္တရာလမ်းအစား တောင်ခြေရင်းကနေ ဘက်ဟိုးတွေနဲ့ မြေသားလမ်းသစ်ဖောက်လုပ်ထားတာဖြစ်တာကြောင့် အဲဒီလမ်းကို နောက်ထပ် ရေတိုက်မစားရအောင် သစ်၊ ဝါးတွေနဲ့ဆည်ခတ်ပြီး မြေပြိုတာသက်သာအောင် ကမ်းပါးတွေကို သစ်တွေနဲ့ ဗန်းအဆင့်တွေလုပ်ရအုံးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“လမ်းပြင်တဲ့နေရာက ဖို့မြေအသစ်တွေဆိုတော့ လမ်းချော်တယ်။ ဗွက်ထတယ်။ သီးခြားလမ်းလွှဲ လုပ်ဖို့ကလည်းခက်နေတာ။ တောင် နဲ့ ရေချောင်းကြားဆိုတော့ ယာယီလမ်းလွှဲလုပ်လို့ မရဘူး။ လမ်းသစ်အခြေအနေက နောက်သုံးရက်လောက်ဆိုရင် ပြီးမှာပါ။ ကုန်ကျငွေကိုတော့ ပြည်သူတွေလှူကြပါတယ်”လို့ အထက်ပါ ဆရာတော်ကမိန့်ပါတယ်။



အဆိုပါ လမ်းသစ်ပြုပြင်နေမှုဟာ လာမယ့် အောက်တိုဘာ ၁ ရက်မှာ ပြီးစီးနိုင်ပြီး ပြုပြင်မှု ကုန်ကျစရိတ်ကတော့ သိန်း ၂၀၀ ခန့်မှန်းထားကာ လက်ရှိမှာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေဆီကနေ အလှူငွေ သိန်း ၁၃၀ ခန့် ရရှိထားပြီဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
ခုပျက်စီးသွားတဲ့လမ်းပိုင်းဟာ မကွေးတိုင်းကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဖက်တို့ကို ကုန်စည်စီးဆင်းရာမှာအရေးပါတဲ့ လမ်းတခုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့လယ် ၃ နာရီကျော်မှာ မိုးရွာပြီးတောင်နံရံမြေပြိုကျရာကနေတဆင့် ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့။
စာတည်း – လင်း