ကင်းပတ်ဖို့လာတဲ့ ပျူစောထီးတွေပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး (ရုပ်/သံ)

0 2
0 2

မြိုင်၊ စက်တင်ဘာ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာကနေ ကင်းပတ်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၆ နာရီက သရက်ကန်ရွာကနေ ကင်းပတ်ဖို့ ဘန်ကာထဲကထွက်လာတဲ့ ပျူစောထီးတွေကို ရွာအနီးအရောက် သူတို့နဲ့ မီတာ ၁၀၀ နဲ့ ၁၅၀ အကွာအဝေးက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပျူစောထီးတွေ ကင်းပတ်မယ်ဆိုပြီး ဘန်ကာထဲကထွက်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က ရိုင်ဖယ်နဲ့ စပြီး ပစ်ခတ်ခဲ့တာ၊ ပြီးကျတော့ လက်နက်ငယ်တွေနဲ့လည်း ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်၊ ပျူစောထီး ၁ ဦး လဲပြီးတော့ ပွဲချင်းပြီးသေတယ်၊” လို့ TYK ပြောက်ကျားတပ်ဖွဲ့ဝင် စောကြီးက ပြောပါတယ်။

သေဆုံးသူဟာ သရက်ကန်ရွာက ပျူစောထီး ကင်းမှူး မျိုးနိုင်အေး ဖြစ်ပြီး ပျူစောထီးတွေဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သရက်ကန်ကျေးရွာမှာ ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့လည်းသိရကြောင်း တပ်ဖွဲ့ဝင်စောကြီးကပြောပါတယ်။

“ပစ်ခတ်ပြီးနေချိန် ပျူစောထီး လဲကျသေဆုံးပြီးနောက် ၄၀ မမ ၁ လုံးပစ်ပြီး လက်နက်ငယ်တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်ကြတယ်။ လက်ရှိအနေနဲ့ သူတို့ဘက်မှာ ရိက္ခာပြတ်လပ်ပြီး စစ်ကော်မရှင်စစ်ကြောင်း လာမှာကိုမျှော်နေကြတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို TYK ပြောက်ကျားတပ်ဖွဲ့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ (စက်ြာ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း မြိုင်မြို့နယ်၊ သရက်ကန်ရွာက ပျူစောထီးတွေ ထန်းတက်နေတဲ့အချိန် TYK ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။