မြိုင်မှာ ထိုးနေတဲ့စစ်ကြောင်းက နှောပင်ရွာကို ဒရုန်းနဲ့ဗုံးကြဲလို့ စစ်ရှောင်အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦးအသတ်ခံရ

0 14
0 14

မြိုင်၊ စက်တင်ဘာ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှောပင်ရွာကိုဝင်ရောက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းက ဗုံးကြဲ ပစ်ခတ်တာတွေကြောင့် စစ်ရှောင်အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၈ နာရီခန့်မှာ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာကထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းက နှောပင်ရွာဘုန်းကြီးကျောင်းကိုဝင်ရောက်လာပြီးနောက် ရွာအနီးကိုဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ချိန် နှောပင်ရွာသား အသက် ၃၀ အရွယ်အမျိုးသားကို ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“သူကရွာထဲကနေ ရွာပြင်ထွက်တဲ့အချိန်လို့ ပြောလို့ရတာပေါ့။ ရွာထဲကနေရှောင်လိုက် ပြန်ထွက်လိုက် တော်တော်များများတော့ရှောင်တယ်ဗျာ။ ခဏတဖြုတ်ပြန်ဝင်တဲ့အချိန်မှာဖြစ်သွားတာ ရေအိုးစင်မှာ ခဏနားတဲ့အချိန်မှာ ချခံလိုက်ရတာ” လို့ ဒေသခံ ကိုမြိုင်ဒေါင်းမင်းကပြောပါတယ်။

အိမ်ခြေ ၅၀၀နီးပါး၊ လူဦးရေ ၃,၀၀၀ ဝန်းကျင်ရှိတဲ့နှောပင်ရွာက ဒေသခံတွေဟာ စက်တင်ဘာ ၂၂ ရက် ကင်းရွာဘက်ကိုစစ်ကြောင်းစဝင်ချိန်ကတည်းက ရွာကတိမ်းရှောင်နေကြတာဖြစ်ပြီး အထက်ပါ သေဆုံးသူကတော့ ရွာကိုခေတ္တပြန်ဝင်လာချိန်မှာ ဒရုန်းဗုံးထိ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဘက်က ညပိုင်းအထိလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အလောင်းကောက်ဖို့ခက်ခဲခဲ့ပြီး မနေ့ကညပိုင်းမှ ဒေသခံတချို့ကကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထွက်သွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနယ်မြေရှင်းလင်းရေးလုပ်ချိန် စက်တင်ဘာ ၂၅ ရက် ဒီနေ့လယ် ၁၂ နာရီ ဝန်းကျင်မှာလည်း ရွာအနီးက မြေပဲခင်းထဲမှာ ပစ်သတ်ခံထားရတဲ့ နှောပင်ရွာသား ၁ ဦးရဲ့ အလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရွာမြောက်ဘက်မြေပဲခင်းထဲမှာတွေ့တာလို့ပြောတယ်။ ၃၁ ဝန်းကျင် စကားမပြောတတ်တဲ့ အမျိုးသား ၁ ဦး၊ စစ်ကောင်စီကနေ သတ်ပစ်ခဲ့တယ်။ အလောင်းကလည်း ရှင်းလင်းရေးလုပ်ပြီး ကောက်ပြီးပြီ” လို့ ဒေသခံကိုမြိုင်ဒေါင်းမင်းက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၂ ရက်ကစတင်ကာ မြိုင်မြို့နယ်ထဲကိုဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ နှောပင်ရွာကနေ အရှေ့တောင်ဘက် ကင်းရွာဘက်ဆီကို ပြန်လည်ထွက်ခွာနေတယ်လို့ ကိုမြိုင်ဒေါင်းမင်းက ပြောပါတယ်။

စစ်ကြောင်းကြောင့် နှောပင်ရွာအပါအဝင် မြိုင်မြို့နယ်ထဲက ကျောက်ဖူး၊ ဝက်ကျ၊ နှောပင်၊ ကင်းရွာနဲ့ ရေစကြိုမြို့နယ်၊ ကွမ်းသီးကန်ရွာ၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်၊ မကျီးကန်၊ ကိုင်းရွာအပါ ကျေးရွာ ၁၁ ကျော်က ဒေသခံ ၈,၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာ မိုးဆက်တိုက် ရွာနေတာကြောင့် နေထိုင်ရေးအခက်တွေ့နေတယ်လို့ ဆိုပါတယ်။

“မိုးကတော့အဆက်မပျက်ရွာနေတာပဲ၊ တောထဲရှောင်နေတဲ့သူတော်တော်များများမိတယ်၊ နှောပင်တို့ရွာတွေက မိုးထဲရေထဲအိပ်ကြရတာများတယ်၊ မနက်ခင်းက ရာသီဥတုက အုံ့နေတုန်းပဲ မိုးကာမရှိတဲ့သူတွေကျ ပေါင်းနေကြတာပေါ့။ မရှိလည်း တရွာတည်းသားချင်းတွေဆိုတော့ အဆင်ပြေအောင်နေကြရတာပေါ့” လို့ ကိုမြိုင်ဒေါင်းမင်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီကလည်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ဌာနချုပ်က ထွက်လာတဲ့ အထက်ပါအင်အား ၁၀၀ ကျော်ပါစစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ ကွမ်းသီးကန်ရွာအနီး တောတိုက်ကိုရောက်ရှိလာပြီး စစ်ရှောင်တဲအလုံး ၅၀ ကို မီးရှို့သွားတာလို့လည်း ဆိုပါတယ်။

သတင်း – ဟယ်သာ၊ စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။