ကနီက ပြည်သူ့အခြေပြု ကျောင်းတကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

0 1
0 1

စစ်ကိုင်း၊ မတ် ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျေးရွာတရွာက ပြည်သူ့အခြေပြု မူလတန်းကျောင်းတကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲကို မတ်လ စတုတ္ထအပတ်အတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆုပေးပွဲမှာ ပညာရည်ချွန်ဆုပေါင်း ၁၅ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကာ ကလေးတွေအနေနဲ့ ပိုပြီးစာကြိုးစားချင်စိတ်ဖြစ်လာအောင် ကျင်းပပေးခဲ့တာလို့ ကနီသပိတ်အင်အားစုမှတာဝန်ရှိသူက ပြောပါတယ်။

“စာမေးပွဲ ပညာရည်ချွန်ဆုပါ။ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေပေါင်းပြီး ဆုပေါင်း ၁၅ ဆုပါ။ ဆုပေးပွဲမှာ ဖျော်ဖြေရေးတွေလည်း ပါပါတယ်။ အခုလို ကျင်းပပေးရတာဟာ ကလေးတွေကို စာကြိုးစားလာအောင် ကျောင်းဆက်တက်ချင်တဲ့စိတ်ပေါက်အောင်၊ မိဘ ဆရာ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံလို့ရအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးရတာပါ” လို့ ပြောပါတယ်။

အဲဒီကျောင်းမှာ KG တန်းကနေ Grade – 4 အထိရှိပြီး ကျောင်းသား၊ ကျောင်းသူ ၅၇ ဦးရှိကာ CDM ဆရာ၊ဆရာမ ၂ ဦးနဲ့ စေတနာ့ဝန်ထမ်း ဆရာ၊မ ၅ ဦးတို့က ပညာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၂၈ ရက်မနေ့ကလည်း မုံရွာလူထုသပိတ်မှာ ကျဆုံးသွားတဲ့ CDM သူနာပြုကျောင်းသူ မသဉ္ဇာဟိန်းအတွက် အောက်မေ့ဖွယ် ၂ နှစ်ပြည့်အခမ်းအနားကို ကနီမြို့နယ်က ဒေသခံပြည်သူတွေနဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။