26 July 2026 11:17 PM

PDF ထောက်ပို့ဆိုပြီးမိသားစုလိုက်ဖမ်းဆီးခံရကာ အသက်မပြည့်သေးတဲ့ သား၊သမီး ၄ ဦး ၁၀ ရက်ကြာအထိ သတင်းပျောက်နေ

0 3
0 3

မုံရွာ၊ မတ် ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်ရပ်ကွက်၊ ဆားပေါက်ကုန်း(ခေါ်) ရွှေကုန်းရပ်နေ မိသားစုတစုကို PDF ထောက်ပို့လုပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က မိသားစုလိုက်ဖမ်းဆီးသွားပြီးနောက် သား၊ သမီး ၄ ဦးဟာ ၁၀ ရက်ကြာတဲ့အထိ သတင်းအစပြတ် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မုံရွာမြို့အခြေပြု Anonymous PDF ကို ကူညီထောက်ပံ့တယ်ဆိုကာ မတ်လ ၁၅ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်က မိသားစုလိုက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မိဘ ၂ ဦးကိုတော့ အကြမ်းဖက်အဖွဲ့ထောက်ပံ့သူတွေအဖြစ် မတ်လ ၂၂ ရက်နေ့ စစ်တပ်ပိုင် မြဝတီမီဒီယာမှာ သတင်းထုတ်ပြန်ခဲ့ပေမယ့် သား၊သမီး ၄ ဦး နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသလို စုံစမ်းလို့မရဖြစ်နေတယ်လို့ မိသားစုနဲ့နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“မိန်းကလေးတွေလည်း သူတို့လုပ်ချင်တာလုပ်ပြီး သတ်သွားတာတွေရှိတော့ စိုးရိမ်ရတာပေါ့။ ကလေးတွေကို တမနက်ထဲ ဖမ်းခေါ်သွားတာ။ မိဘတွေကိုတော့ TV မှာကြေညာပေမယ့် ကျန်တာအကုန် သတင်းဖုံးထားတာဗျ။ နမခထဲမှာ ဖမ်းထားတယ်လို့ ကနဦးကြားရပေမယ့် ရေရေရာရာမရှိဘူး။ ကလေးမလေးတွေဆိုတော့ သူတို့လက်ထဲမှာ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသူတွေဟာ မိဘတွေဖြစ်တဲ့ ဦးကြည်မင်းနဲ့ ဒေါ်ခင်နှင်းစိုး၊သမီးတွေဖြစ်တဲ့ အသက်၁၉ နှစ်အရွယ် ဆုမြတ်မွန် ၊ ၁၇ နှစ်အရွယ် ခင်မြတ်မွန် ၊ ၇ နှစ်အရွယ် မိုးသဲဖြူ နဲ့ သား ဖြစ်သူ ၁၄ နှစ်အရွယ် လမင်းပိုင် မိသားစုဝင် ၆ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီတမနက်ထဲမှာပဲ PDF ကိုကူညီထောက်ပံ့တယ်ဆိုပြီး မိသားစုလိုက်ဝင်ရောက်ဖမ်းဆီးစဉ်မှာ အိမ်ချင်းကပ်လျက်မှာရှိနေတဲ့ စက်လှေမောင်းအလုပ်လုပ်ကိုင်သူ ကိုထွန်းလင်း ဆိုသူကိုလည်း ဖမ်းဆီးသွားခဲ့ပြီး သူနဲ့ပတ်သက်လို့လည်း ထုတ်ပြန်လာတာမျိုးမရှိလို့ အသတ်ခံလိုက်ရပြီးဖြစ်နိုင်တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဘက်က သုံးသပ်နေကြပါတယ်။

စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်မှာ Anonymous အဖွဲ့ဝင်ဆိုသူ လူငယ် ၉ ဦးနဲ့ အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် အရပ်သား ၉ ဦးကို မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးသွားပေမယ့် စစ်တပ်ပိုင်မီဒီယာတွေက သတင်းထုတ်ပြန်တာမှာတော့ လူငယ် ၉ ဦးကို PDF အဖွဲ့ဝင်၊ အရပ်သား ၄ ဦးကို ကူညီထောက်ပံ့သူလို့ဖော်ပြထားပြီး ကလေးငယ် ၄ ဦးနဲ့ ကျန်အရပ်သား ၁ ဦးက သတင်းပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။