26 July 2026 5:20 PM

ဖြစ်ရပ်မှန်အခြေခံထားတဲ့ တော်လှန်ရေးရုပ်ရှင် ၂ ကား နိုင်ငံတကာမှာ ပြသမည်

0 3
0 3

မြေလတ်အသံ၊ မတ် ၂၃၊ ၂၀၂၃။

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အကြောင်းတရားတွေကို အခြေခံပြီးရိုက်ထားတဲ့ တော်လှန်ရေးရုပ်ရှင် ၂ ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာမှာပြသပြီး အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေ ရှာဖွေသွားမှာ ဖြစ်ပါတယ်။

“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နဲ့ “ရှိခဲ့သည်” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဏကြီးနဲ့ ဂီဒေါင်တို့က မတ်လ ၂၃ ရက် ဒီနေ့မှာ စာနယ်ဇင်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒါရိုက်တာဏကြီးရဲ့ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ဟာတော်လှန်ရေးထဲက ထိခတ်ရတဲ့ တကယ့်အဖြစ်ပျက်တွေကိုစုပြီး ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး မီးလောင်ပြင်အခန်းအပါအဝင် အခန်းတိုင်းဟာ ရိုက်ကူးရတာ ခက်ခဲခဲ့ပေမယ့် လူတော်လူကောင်းတွေက ကူညီပေးလို့ ဒီရုပ်ရှင်ဖြစ်လာခဲ့တာလို့ ဒါရိုက်တာဏကြီးက ပြောပါတယ်။

ဒါရိုက်တာ ဂီဒေါင်ကတော့ ”ရှိခဲ့သည်” ဇာတ်ကားဟာ တကားလုံးကို Sony Xperia ဖုန်းတလုံးတည်းနဲ့ပဲ ရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ကြသူအားလုံးက Cobra Column က PDF ရဲဘော်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

“ရှိခဲ့သည်” ရုပ်ရှင်ထဲမှာ ကရင်ပြည်နယ် ဖလူး သုံးထပ်ကွေ့ တိုက်ပွဲတပွဲကို အခြေခံထားပြီး ရဲဘော်တွေရဲ့ခံစားချက်တွေနဲ့ တိုက်ဆိုင်တဲ့ကဗျာတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီရုပ်ရှင်တွေကို အခုလ မတ်၂၆ ရက်ကစလို့ အမေရိကန်နိုင်ငံ ဖို့ဒ်ဝိန်းမြို့မှာ ပထမဆုံးပြသမှာဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ယူကေ၊ ဂျာမနီ၊ ဆွီဒင်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား စတဲ့ နိုင်ငံတွေအပြင် နိုင်ငံတကာမြို့ကြီးအချို့မှာ ပြသနိုင်ဖို့ စီစဥ်နေကြပြီ ဖြစ်ပါတယ်။

ရုပ်ရှင်တွေက ရလာမယ့် ဝင်ငွေအားလုံးကို အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ရိုက်ခွဲဝေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။