မုံရွာ၊ ဩဂုတ် ၂၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကို စစ်ကော်မရှင်စစ်ကြောင်းက သြဂုတ် ၈ ရက်ကစတင်စစ်ကြောင်းထိုးကာ ကျေးရွာတွေကိုမီးရှို့နေတဲ့အတွက် ရွာပေါင်း ၂၀ ကျော်ကဒေသခံတွေစစ်ရှောင်နေရပြီး ဆေးဝါးနဲ့ ရိက္ခာလိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သြဂုတ် ၈ ရက်မှာ မုံရွာမြို့နဲ့ အရာတော်မြို့နယ်ဘက်ကနေ စုပေါင်းအင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် မုံရွာမြို့နယ်ရှိကျေးရွာတွေက ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရတာလို့ ဒေသခံတဦးကပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေဟာ သြဂုတ် ၂၀ ရက်ဒီကနေ့ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်ကလေးငယ်တွေမှာ ခြင်ကတဆင့်ဖြစ်တဲ့ ဖျားနာရောဂါတွေ၊ ရေအပြောင်းအလဲကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေကြကာ သယ်လာတဲ့ရိက္ခာတွေကလည်းကုန်နေပြီလို့ ဆိုပါတယ်။
“ကျမတို့ စစ်ရှောင်တွေအနေနဲ့ ရေတွေအပြောင်းအလဲကြောင့် ဝမ်းလျှောကြပါတယ်၊ အစားအစာတွေကလည်း ရက်တွေကြာနေပြီမို့လို့ အစားအစာကလည်း သိပ်မရှိတော့ပါဘူး၊ ဘယ်သူကမှလည်း လာမကူနိုင်ကြဘူးပေါ့နော်၊ အခက်အခဲတွေနဲ့ ဆိုတော့လေ။”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ဆန်နဲ့ ဟင်းချက်စရာတွေကို အဓိကလိုအပ်နေပြီး ငွေရှိရင်တောင်ဝယ်စားဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။
“အဓိကကတော့ ဆန်ပေါ့နော်၊ ဟင်းချက်စရာလေးတွေပါ၊ ရိက္ခာပြတ်သွားရင်တော့လည်း ကျမတို့တွေ ဘာဆက်လုပ်ရမလဲဆိုတာ တွေးလို့တောင် မရနိုင်တော့ပါဘူး၊ ဘာအလုပ်မှလည်း မလုပ်ကြရဘူး၊ ပိုက်ဆံရှိရင်တောင် ဝယ်စားဖို့ သိပ်မလွယ်လှပါဘူး။” လို့ စစ်ရှောင်အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကြောင်းကြောင့် ရွာတုံ၊ ထနောင်းဝင်း၊ ကျောက္ကာတောင်ရွာ၊ ကျောက္ကာမြောက်ရွာ၊ ရေနံကုန်း၊ စည်သာလေး၊ ညောင်ပင်၊ သပွတ်ကုန်း၊ အောင်သာကုန်း၊ ဝါးတန်းဆူးလေကုန်း၊ ကျွန်းဖိုပင်၊ တုံးတင်ကန်၊ ကမ်းဖြူကျေးရွာတို့ အပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံတွေ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
“မုံရွာ-အရာတော်လမ်းမှာကိုက ရွာပေါင်း ၂၀ လောက် ရှိမယ်ပေါ့နော်၊ မုံရွာ-ဗောဓိတထောင် လမ်းဘက်က ညောင်ပင်ရွာကလည်းပြေးနေရတယ်၊ ကလေးတွေအများဆုံးပါတာဆိုတော့ ကလေးတွေအတွက် ခြင်ကိုက်တာတွေများလာတော့ ဖျားတာတွေ ရှိပါတယ်၊ ကျမတို့ရွာကတော့ တခြားရွာလေးမှာနေရတော့ နည်းနည်း နေစရာလေး ဘုန်းကြီးကျောင်းရှိသေးတယ်၊ တခြားရွာတွေကတော့ တောတွေထဲမှာနေရတဲ့ရွာက ပြည်သူတွေလည်း ရှိပါတယ်။” လို့ သူက ဆက်ပြော ပါတယ်။
သြဂုတ် ၈ ရက်ကစတင်ဝင်ရောက်လာတဲ့ အဆိုပါစစ်ကြောင်းဟာ ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ မုံရွာမြို့နယ်၊ ကျောက္ကာတောင်ရွာနဲ့ ညောင်ပင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲ့ဒီရွာတွေမှာ စစ်ကော်မရှင်စစ်ကြောင်းရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကြောင်းထိုးမီးရှို့စဥ်အတွင်းမှာလည်း စစ်ဘေးရှောင်တွေနဲ့ နီးတဲ့နေရာတွေအထိ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
သြဂုတ် ၂၁ ရက်ဒီကနေ့ထိ စစ်ကော်မရှင်စစ်ကြောင်းထဲက အင်အား ၁၀၀ ခန့်က ညောင်ပင်ရွာမှာ တပ်စွဲပြီး အင်အား ၃၀၀ ခန့်က ကျောက္ကာတောင်ရွာမှာ တပ်စွဲနေထိုင်နေကာ ပြန်လည်ဆုတ်ခွါမယ့် အနေအထားမရှိသေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း