တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်ကို PDF သိမ်းဆည်း (ရုပ်/သံ)

0 20
0 20

မြင်းမူ၊ ဩဂုတ် ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့‌နယ်၊ မြင်းမူ-မုံရွာ-မန္တလေး လမ်းတနေရာမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဩဂုတ် ၁၄ ရက် မနက် ၅ နာရီ ၄၀ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မြင်းမူမြို့နယ်ရှိ အင်အား ၄၅ ဦးဝန်းကျင်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်အထိုင်စခန်းက တပ်ဖွဲ့ဝင် ၅ ဦးဟာ စခန်းနဲ့ မီတာ ၁၀၀၀ အကွာမှာ ကင်းပုန်းဝပ်ဖို့လာချိန် ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က စစ်မှုထမ်းဟောင်းတပ်လို့ သိရတယ်၊ အင်အားကတော့ ၅ ဦးလာတာ၊ ကျနော်တို့ရဲ့ ပစ်မှတ်ထဲကိုတော့ ၄ ဦးဝင်လာတယ်၊ ၂ ဦးကတော့ အဲ့ဒီနေရာမှာတင်ပဲ ပွဲချင်းပြီးသွားတာ၊ ကျန်တဲ့ ၂ ဦးကတော့ဒဏ်ရာနဲ့ ပြေးသွားတာ၊ သူတို့စခန်းနားအရောက်မှာ လဲကျသေဆုံးသွားတယ်၊ ၄ ဦးစလုံးသေတာ” လို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါး က ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဆီကနေ သေနက် ၃ လက်၊ ကျည်၊ ကျည်ဘောက်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်နေချိန်မှာလည်း စစ်ကောင်စီဘက်က စခန်းကိုအင်အားဖြည့်တင်းထားပြီး လက်ထုတ္တောရွာက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်စစ်ဌာန ကွပ်ကဲရေးမှူး ကွပ်ကဲမှုနဲ့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 11 Brothers တပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Eagle တပ်ဖွဲ့၊ Black Brothers တပ်ဖွဲ့၊ Hero တပ်ဖွဲ့နဲ့ ဒီမိုပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။