myaelatt athan

Sharing Information to the Local

ဆောက်လုပ်ရေးလုပ်ငန်း နည်းပါးလာလို့ ပန်းရံလုပ်သားတွေ ကြုံရာကျပမ်း လုပ်ကိုင်နေရ

မြေလတ်အသံ၊ မတ် ၁၂၊ ၂၀၂၃။

အာဏာသိမ်းယူပြီးချိန်ကစလို့ ကုန်စျေးနူန်းတွေ ကြီးမြင့်လာတဲ့အတွက် အဆောက်အဦးအသစ် ဆောက်လုပ်မှု နည်းပါးလာလို့ ပန်းရံလုပ်သားတွေ ကြုံရာကျပမ်း လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

ပန်းရံလုပ်ငန်းခွင်ထဲက အလုပ်ကြမ်းသမား (မဆလာနဲ့အုတ်ခဲသယ်)တွေ ကြုံရာကျပမ်း လုပ်ကိုင်နေကြရတာဖြစ်တယ်လို့ ဒေသခံပန်းရံဆရာတဦးက ပြောပါတယ်။

“ဘိလပ်မြေစျေး အုတ်စျေးက အာဏာမသိမ်းခင်ကထက် ထက်ဝက်တက်သွားတော့ အဆောက်အဦးအသစ် ဆောက်မယ့်သူက နည်းသွားတယ်။ တခါမှ အလုပ်မပြတ်ဘူးတဲ့ ကျနော်ကိုယ်တိုင် အခုနားနေရတယ်။ သံလက်ကိုင်ဆရာအဆင့်တွေတောင် ဟိုအဖွဲ့သွားဆင်းလိုက် ဒီအဖွဲ့သွားဆင်းလိုက်နဲ့ အိန္ဒြေမရဘူးပေါ့။ အကြမ်းသမားတွေကတော့ ကြုံရာပေါ့။ မတ်ပဲနုတ် မတ်ပဲခြွေ လိုက်ကြရသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

နေစရာအိမ် လိုအပ်နေသူတွေသာ ဆောက်လုပ်နေကြပြီး လုပ်ငန်းကြီး လုပ်ဆောင်ရတာမျိုး နည်းပါးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ဘိလပ်မြေတအိတ် ကျပ် ၅၅၀၀၊ အုတ်တခဲ ကျပ် ၈၀ ဝန်းကျင်ကနေ အခုအခါ ဘိလပ်မြေတအိတ် ကျပ် ၁၀၀၀၀ ဝန်းကျင်နဲ့ အုတ်တခဲကို ကျပ် ၁၅၀ ဝန်းကျင် စျေးပေါက်နေတယ်လို့ သိရပါတယ်။

ပန်းရံအကြမ်းသမားတဦး​ကတော့ လက်ရှိမှာ မတ်ပဲနုတ်၊ မတ်ပဲခြွေ လုပ်ငန်းတွေပြီးသလောက် ဖြစ်နေပြီး နောက်ထပ်အလုပ်ကလည်း မရှိသေးသလို ဆန်စျေးတက်မှာကိုပဲ စိုးရိမ်နေရပြီး လက်ရှိမှာ ငွေတိုး(ဆန်ကြမ်း) တပြည်ကို ၂၅၀၀ ကျပ်နဲ့ ပေးဝယ်စားနေရတာလို့ ပြောပါတယ်။

ဆောက်လုပ်ဆဲလုပ်ငန်းအချို့ရှိပေမယ့် လုပ်သားလျှော့ကာ လုပ်ငန်းခွင်ဝင်နေကြတာကြောင့်လည်း အလုပ်ဆင်းရက် ပုံမှန်မရှိသူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ အလုပ်ကြမ်းသမား အများစုဟာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတာကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။