myaelatt athan

Sharing Information to the Local

PDF စခန်းကို စီးနင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးဟုဆို

အရာတော်၊ မတ် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရှိတဲ့ PDF စခန်းဟောင်းနေရာကို စီးနင်းဝင်ရောက်လာတာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

မတ်လ ၆ ရက် မနက်ပိုင်းက အရာတော်အခြေစိုက် အမှတ် ၅၀၀၄ တင့်ကားတပ်ရင်း (တကရ-၅၀၀၄) အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ ကျွဲခြံကျေးရွာအနီးဝန်ကျင်နားက PDF စခန်းဟောင်းတခုကို စစ်ကြောင်းထိုး တိုက်ခိုက်ဖို့လာချိန် မိုင်း ၃ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ – အရတ)သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“စခန်းမှာက ရဲဘော်တွေ မနေတာ တော်တော်ကြာပြီဗျ။ အဲဒါကို စကစတွေက ဘယ်လိုသိသွားပြီးတော့ ဝင်စီးလာတာလဲ မသိဘူး။ ကျနော်တို့က စစ်ကြောင်းထိုးလာတာကို သတင်းရလို့ စခန်းဟောင်းအနီးနားတွေမှာ မိုင်းတွေထောင်ပြီးတော့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သေဆုံး၊ ဒဏ်ရာရသွားတာကို မျက်မြင်တွေ့ခဲ့တာ။ သူတို့ကို အရာတော်မြို့ထဲကို ပြန်သယ်သွားကြတယ်” လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ကျွဲခြံကျေးရွာအနီး လမ်းခုလတ် တနေရာမှာ တကြိမ်၊ စခန်းဟောင်းကို ဝင်ရောက်စီးနင်းချိန် တကြိမ်၊ စခန်းဟောင်းကို မီးရှို့ပြီး ပြန်ထွက်ခွာချိန်မှာ တကြိမ် စုစုပေါင်း ၃ ကြိမ် ခွဲပြီးတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ အရာတော်ပကဖ၊ တိုက် နယ်(၄) မဟိံတပ်စု၊ တိုက်နယ် (၁) တပ်ဖွဲ့၊ တိုက်နယ် (၈) တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် (၁၈) PDF တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း အရာတော် အမတ (၃၆၉) တပ်ရင်းအနီးမှာရှိတဲ့ ပျူစောထီး ခြေကုပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး စစ်တပ်အရာရှိ တဦးနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် တဦးတို့ကို ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။