နှစ် ၃၀ ကျော်ကြာတည်ရှိတဲ့ ပဲခူးမြို့လယ်က ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထု ဖယ်ရှားခံရ

ပဲခူး၊ ဩဂုတ် ၈၊ ၂၀၂၅ ။

ပဲခူးမြို့လယ်က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယမန်နေ့ညပိုင်းမှာ ဖြိုချဖယ်ရှားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေမော်ဓောဘုရားလမ်းနဲ့တောင်ငူလမ်းဆုံ ၊ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဗိုလ်ချုပ်မြင်းစီးရုပ်ထုကို ဩဂုတ်လ၇ ရက် ယမန်နေ့ည ၉ နာရီလောက်ကစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြိုချဖျက်ဆီးခဲ့တာဖြစ်ပြီး အောက်ခံအုတ်ခုံသာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

” အပြောင်ပဲ။ အဲဒီနေရာက နိုင်ငံတော်အခမ်းအနားလုပ်နေတဲ့ နေရာပဲ။ ညဘက်ကြီး လုပ်သွားတာ။ အပြောင်ပဲ ဘာမှမရှိတော့ဘူး။ ဘာရည်ရွယ်ချက်နဲ့လုပ်မှန်း မသိတော့ပါဘူး”လို့ ပဲခူးမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ထုကို ဖြိုချမှုတွေလုပ်ဆောင်ချိန်မှာ လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ပြီး ယမန်နေ့ညတွင်းချင်းမှာပဲ အပြီးသတ်ဖယ်ရှားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပဲခူးမြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီရုပ်ထုကို ၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်းမှာ စတင်တည်ဆောက်ထားခဲ့တာဖြစ်လို့ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ပြီဖြစ်ပြီး ၂၀၁၉ NLD အစိုးရလက်ထက်မှာ အများပြည်သူပိုင်နေရာအဖြစ်သတ်မှတ်ကာ အဆင့်မြှင့်တင်တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မြင်းစီးရုပ်ထုနေရာမှာ နှစ်စဥ် အာဇာနည်နေ့၊ ဗိုလ်ချုပ်မွေးနေ့တွေအပါအဝင် အောက်မေ့ဖွယ်အခမ်းအနားတွေကို ပဲခူးမြို့ခံတွေက ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညစျေးအနီး ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖယ်ရှားခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။