myaelatt athan

Sharing Information to the Local

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ခေတ္တရာရှေးဟောင်းဇုန်ထဲ ပစ္စည်းခိုးတူးတဲ့ စစ်ဗိုလ်ကို အရေးမယူဘဲ လွှတ်ထားပေး

ပြည်၊ မတ် ၄၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် မှော်ဇာကျေးရွာမှာ ရှိတဲ့ သရေခေတ္တရာမြို့ဟောင်းက ရှေးဟောင်းရွှေထည်တွေ တူးယူနေတဲ့ ဗိုလ်မှူးတဦးကို အရေးမယူဘဲ အမှုကိုဖုံးထားတယ်လို့ ပြည်မြို့ဒေသခံ တဦးဆီက သိရပါတယ်။

ပြည်မြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်က ဗိုလ်မှူးဝဏ္ဏတိုင်းကျော်ဆိုသူ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ယောက်လောက်နဲ့ ရှေးဟောင်းမြို့ရိုးအပြင်ဘက်၊ အောင်မြင်ဗာဟုဘုရားအနီးရှိ ကြက်တူရွေးတောင်မှာ တူးဖော်တာတွေ လုပ်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို တူးဖော်နေတာကို စရဖက သတင်းရလို့ မတ်လ ၁ ရက်က ဗိုလ်မှူး ဝဏ္ဏတိုင်းကျော်ရဲ့ အခန်းအထိ ဝင်ဖမ်းခဲ့ပြီး ရှေးဟောင်းလို့ ယူဆရတဲ့ ဆင်းတုတွေ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ (မတ်လ ၁ ရက်)က ဖမ်းတာပါ။ ချက်ချင်းပဲ ပြန်လွှတ်ပြီး ဟန်မပျက် တာဝန်ထမ်းဆောင် ခိုင်းထားပါတယ်။ ဒကစမှူးက အဓိက ညှိပေးတာပါ။ ရှေးဟောင်းနယ်မြေမို့လည်း စရဖ နဲ့ ရဲက လိုက်တာ” လို့ ပြောပါတယ်။

အခုလို တူးဖော်နေတာ ဘယ်လောက်ကြာနေပြီဆိုတာ မသိရသလို အဲ့ဒီသတင်းကိုလည်း ဖုံးဖို့ ကြိုးစားနေကြတာလို့လည်း ဆိုပါတယ်။

“သပိတ်ကျင်းလို ရွှေထွက်တဲ့နေရာတွေမှာဆိုရင်တော့ ပြသနာ မဖြစ်ဘူး။ ဒီနယ်မြေမှာက ကုန်းမို့မို့ဆို ဘုရားပျက်ပဲ အထဲမှာကလည်း ဌာပနာပစ္စည်းတွေက ရှိနေတတ်တယ်။ တူနေတာတော့ ကြာလောက်ပြီ။ ပါတာလည်း ပါကုန်ပြီ။ ခုမှ သိတာဆိုတော့။ ပြီးတော့ လူကြီးဆုံရာက ဝိုင်းအုပ်ပေးထားကြတာ” လို့ သူက ဆက်ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၊ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာပြုလုပ်ခဲ့တဲ့ ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှာ ပျူမြို့ဟောင်းတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း တို့ကို ကမ္ဘာအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုထည့်သွင်းခဲ့ပါတယ်။
အခုလို တူးဖော်နေတာဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားပြီးသား နေရာတခုဖြစ်တဲ့အတွက် ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှုံးရတယ်လို့ ပြည်မြို့ ဒေသခံတဦးက ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၆ ယဥ်ကျေးအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ အခန်း ၁၀ ပုဒ်မ ၃၄ အပုဒ်ခွဲ ၁နဲ့ ၂ အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၆ လ ကနေ ၁ နှစ်အထိ ချမှတ်ခံရမဲ့အပြင် အနည်းဆုံး ငွေကျပ် ၁၀ သိန်း ကနေ သိန်း ၃၀ အထိ ချမှတ်နိုင်တယ်လို့ ပါဝင်ပါတယ်။

အလားတူ ၈၈ အရေးအခင်းပြီးချိန်ကလည်း သရေခေတ္တရာ ရှေးဟောင်းနယ်များအတွင်း၊ အာဏာသိမ်းစစ်တပ် ဦးဆောင်ကာ ရှေးဟောင်းအဆောက်အအုံတွေထဲက ပျူခေတ်လက်ရာ ရွှေ၊ ငွေများကို တူးဖော်ယူဆောင်တာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီအပြင် စီးပွားရေးကျပ်တည်းနေတဲ့ ဒေသခံတွေကလည်း သက်ဆိုင်ရာ လယ်ယာမြေပိုင်ရှင်များကို မြေငှားရမ်းခပေးပြီး ရွှေကျင်တာ၊ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေခဲ့ကြတာတွေကြောင့် ပျူခေတ်အထင်ကရ အဆောက်အအုံနဲ့ သာသနိကအဆောက်အအုံများစွာ ပျက်စီးခဲ့တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်များက ထောက်ပြပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းကစလို့ လက်ရှိအချိန်အထိ သရေခေတ္တရာမြို့ဟောင်း အဝင်အထွက်နေရာတွေမှာ အာဏာသိမ်းစစ်တပ်က အစောင့်တွေ ချထားတာ ရှိနေပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။