ဝက်လက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ

ရွှေဘို၊ မတ် ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မတ်လ ၂ ရက် မနေ့မနက် ၈ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ Eagle Guerrilla Force ဆီက သိရပါတယ်။

ဝက်လက်မြို့နယ် အောင်ချမ်းသာရွာကနေ အင်အား ၇၀ လောက်နဲ့ ထွက်လာတဲ့စစ်ကြောင်းကို ဘင်တဲကုန်းရွာ အဝင်နဲ့ အထွက်မှာ တိုက်ခိုက်ခဲ့တာလို့ Eagle Guerrilla Force ရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့က ဘင်တဲကုန်း ဘုန်းကြီးကျောင်းထဲရောက်တာနဲ့ ကျနော်တို့က စပစ်တာ ဘင်တဲကုန်းရွာ အထွက်မှာ လက်နက်ကြီးထိတာ အဲဒီမှာ စစ်တပ်က လက်နက်မျိုးစုံ ပစ်ခတ်ပြီး ဆောင်ပခက်တွေနဲ့ သခွတ္တောရွာကို ထမ်းသွားတာ ၅ ဦး၊ အဲဒီကနေ ၃ ဖာလုံလောက်ပဲ ဝေးတဲ့ ဝက်လက်ဆေးရုံကို နာရေးကားနဲ့ သယ်သွားတာ” လို့ သူက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ တပတ်အတွင်းကမှ ရွှေဘိုမြို့နယ်ကနေ ဝက်လက်မြို့နယ်ထဲကို အရပ်ဝတ်တွေနဲ့ ဝင်ရောက်လာတာ ဖြစ်ပြီး မနေ့ညပိုင်းအထိ သခွတ္တောရွာမှာပဲ ရှိနေကာ နေအိမ်တချို့ကို မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက် မရသေးပါဘူး။

အဲဒီတိုက်ခိုက်မှုမှာ Eagle Guerrilla Force တပ်ခွဲ ၁ ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းကလည်း Eagle Guerrilla Force အဖွဲ့ဟာ အဲဒီစစ်ကြောင်းကိုပဲ ဝက်လက်မြို့နယ်အနောက်ဘက်ခြမ်း ဘိုတဲကျေးရွာအနီးကနေ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။