၃ လအတွင်း ဒုတပ်ကြပ် ၁ ဦးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး RKDF ဆီဘက်ပြောင်းလာ

0 23
0 23

ကလေး၊ သြဂုတ် ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ချင်းတောင်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ဒုတပ်ကြပ် ၁ ဦးနဲ့ စစ်မှုထမ်း သင်တန်းဆင်းတပ်သား ၁၈ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ Ranger Kalay Defend Force အဖွဲ့ဆီက သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးဟာ မေလကနေ ဇူလိုင်လအထိ ၃ သုတ်ခွဲပြီး သေနတ် ၃ လက်၊ ကပစ ကျည်တောင့် ၈၀၀၊ ကျည်ဘောက် ၂၀ ခု၊ လက်ပစ်ဗုံး ၈ လုံးတို့နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။

ဘက်ပြောင်းခိုလှုံသူတွေဟာ အမှတ် ၃၉၁ က ဒုတပ်ကြပ် ၁ ဦးနဲ့ ခလရ ၈၉၊ ခလရ ၅၉၊ ခလရ ၁၁၃ တို့မှာ စစ်မှုထမ်းခဲ့သူတွေဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ကနေ ၃၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းတွေက မတူပါဘူး။ ၁၈ ယောက်စလုံးက အပတ်စဥ် ၇ မှာ သင်တန်းဆင်းခဲ့ကြသူတွေပါ။ သူတို့ရဲ့ နာမည်နဲ့ နေရပ်အတိအကျကိုတော့ လုံခြုံရေးအရ မပြောပြသေးပါဘူးဗျ။ အခုလက်ရှိတော့ မိသားစုတွေနဲ့ အဆက်အသွယ် အားလုံးရှိကြပါတယ်ဗျ။”လို့ Ranger Kalay Defend Force အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်မှုထမ်း သင်တန်းဆင်း ၁၈ ဦးဟာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေက ဖြစ်ပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးမှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘက်ပြောင်းခိုလှုံလာသူတွေကို RKDF အဖွဲ့ရဲ့ တပ်တွင်းမှာဘဲ ထိန်းသိမ်းထားပြီး လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံနိုင်ဖို့ ဆက်သွယ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

“အခုလောလောဆယ်တော့ အကျဥ်းမချဘဲ လွတ်လပ်စွာ ထိန်းသိမ်းပေးထားတယ်။ သူတို့ရောက်နေတဲ့ စစ်ကြောင်းနဲ့ အနီးဆုံးနေရာအထိ ကင်းထိုင်ပြီး ကျတော်တို့ သွားခေါ်ပေးခဲ့ရတာဗျ။ အဝတ်အစားနဲ့ အစားအသောက် စီစဥ်ပေးထားတယ်။ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။”လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

Ranger Kalay Defend Force အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အခြေစိုက်တပ်ဖွဲ့တခုဖြစ်ပြီး အခုလို ပထမဦးဆုံးလက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၉ ဦးကို RKDF အဖွဲ့က ကျပ်သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။