စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး အနားပေးခံရ၊ ရပခတိုင်းမှူး ရာထူးတိုးပြီး စစ်ဘက်ထိပ်ပိုင်းနေရာတချို့ အပြောင်းအလဲထပ်လုပ်

0 309
0 309

မြေလတ်အသံ၊ ဩဂုတ် ၁၊ ၂၀၂၅။

စစ်ကောင်စီကိုဖျက်သိမ်းပြီး စစ်ဘက်၊ နယ်ဘက်ရာထူးတွေကို စိတ်ကြိုက်ခန့်နေတဲ့ စစ်ခေါင်းဆောင်တွေက စစ်ရေးချုပ်ရာထူးအပါ စစ်ဘက်ထိပ်ပိုင်းနေရာတချို့ကို အပြောင်းအလဲထပ်မံပြုလုပ်ခဲ့ပါတယ်။

နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရဲ့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး စစ်ဘက်ရာထူးကနေ အနားပေးခံခဲ့ရပြီး ဇူလိုင် ၃၁ ရက် စစ်ကောင်စီထုတ်ပြန်ချက်အရ အသစ်ထပ်မံဖွဲ့စည်းတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှာ ဦးစိုးမင်းဦး အဖြစ် ဥက္ကဌရာထူးခန့်အပ်ထားတာကို တွေ့ရပါတယ်။


ပုံစာ – အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်(ဝဲ)။

၎င်းရဲ့စစ်ရေးချုပ်နေရာကို နေပြည်တော်၊ စစ်ရုံးချုပ် အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ရောက်ရှိသွားကြောင်း နေပြည်တော်ကလာတဲ့သတင်းတွေအရသိရပြီး လစ်လပ်သွားတဲ့ ကစထ ၅ မှူးနေရာကို ရှမ်းပြည်နယ်၊ တောင်ပိုင်းနဲ့ ကယားပြည်နယ်စစ်ဆင်ရေးတွေကို ကွပ်ကဲရတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် က ရာထူးတိုးနဲ့ ရောက်ရှိသွားပါတယ်။

DSA အပတ်စဥ် ၃၇ ဆင်း ဗိုလ်ချုပ် ဇော်မင်းလတ် ဟာ ရပခတိုင်းမှူးမတိုင်ခင်က စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(NDC) ကျောင်းအုပ်ကြီးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ဇူလိုင်လအတွင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက် ရပခတိုင်းမှူးကနေ ကစထမှူးအဖြစ် ရာ ထူးတိုးမြှင့်ခံရတာလည်း ဖြစ်ပါတယ်။

အလားတူ ရပခတိုင်းမှူး နေရာကို ရပ်စောက်မြို့အခြေစိုက် တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဇော်လတ် အလုပ်သင်ဗိုလ်သင်တန်းအပတ်စဥ် ၂၅ က ရောက်ရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်၊ စစ်ရုံးချုပ်က ငွေစာရင်းရုံးညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်ထွန်းအောင် ကို ဗဟိုဘဏ် ဒုဥက္ကဌ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် နိုင်မင်းကျော် ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ကြောင်းလည်း ယမန်နေ့ညပိုင်းမှာပဲ စစ်ကောင်စီက အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။