ဝက်လက်ဗကသကျောင်းသားကို လုပ်ကြံခဲ့သူ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

0 54
0 54

အမှုမှာလွတ်မြောက်နေသူတွေကိုလည်း အယူခံတင်ပြီး တရားဆက်လက်ရင်ဆိုင်မယ်လို့ ဆို

ဝက်လက်၊ ဇူလိုင် ၂၄၊ ၂၀၂၅။

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦးကို လုပ်ကြံသတ်ဖြတ်စဥ်မှာ ပါဝင်ခဲ့သူကို ဇူလိုင် ၂၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝက်လက်တရားရေးဌာနကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။

ကိုမြင့်မြတ်ဦးသတ်ဖြတ်ခံရပြီးနောက်မှာ သံသယရှိသူ ၄ ဦးကို ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲ့ဒီထဲက စိုင်နိုင်ကြီးရွာသား အသက် ၁၉ နှစ်အရွယ် ပေါင်ချိန်ကို အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ကျန် ၃ ဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ပုံစာ – ကိုမြင်မြတ်ဦး၏ စျာပန။ (ပုံဟောင်း)

“တရားခံကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပြီးမကြာမီမှာ တရားခံပေါင်ချိန်ကိုဖမ်းမိသွားပါတယ်၊ ပလဖ ကပေါ့၊ တရားခံကစိုင်နိုင်ကြီးရွာကပဲ၊ အသက်က ၁၉ ဗျ၊ နာမည်က ပေါင်ချိန်တဲ့ဗျ၊ အမိန့်ချတာက ၂၁ ရက်နေ့မနက်ပိုင်းမှာ NUG၊ ဝက်လက်တရားရေးဌာနကအမိန့်ချလိုက်တာ” လို့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ ဥက္ကဌက မြေလတ်အသံကို ပြောပါတယ်။

ကိုမြင့်မြတ်ဦး လုပ်ကြံခံရစဉ်ကဖြစ်စဉ်အနီးမှာ ဆိုင်ကယ် ၂ စီးတွေ့ခဲ့ရတာကြောင့် တရားခံ ၁ ဦးတည်း မဖြစ်နိုင်သေးတဲ့အတွက် အရေးယူမှုကိုအလုံးစုံကျေနပ်မှုမရှိသေးဘဲ လုပ်ကြံသတ်ဖြတ်မှုမှာ နောက်ထပ်လွတ်မြောက်နေသေးသူတွေကို အရေးယူနိုင်ဖို့ အယူခံတင်ပြီးတရားဆက်လက် ရင်ဆိုင်သွားမယ်လို့ လည်း ဆိုပါတယ်။

ပုံစာ – ကိုမြင်မြတ်ဦး၏ စျာပန။ (ပုံဟောင်း)

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအနေနဲ့ ကျေနပ်မှုကတော့ လုံးဝမှကို မရှိသေးပါဘူးခင်ဗျာ၊ အဓိကက အဲ့ဒီမှာ မျက်မြင်သက်သေတွေထွက်ဆိုတော့ အဲ့ဒီ လုပ်ကြံမှုမှာ ဆိုင်ကယ် ၂ စီးလာတယ်လို့ ပြောတယ်၊ အဲ့ဒီအချိန်မှာ၊ ဆိုင်ကယ် ၂ စီးဆိုတော့ ၁ ဦးတည်း မဖြစ်နိုင်ဘူးလေ၊ ၁ ယောက်တည်း ဆိုင်ကယ် ၂ စီး စီးခဲ့လို့မှမရတာ။” လို့ ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌက ပြောပါတယ်။

သတ်ဖြတ်ခံရချိန် အသက် ၁၆ နှစ်အရွယ်ရှိ ကိုမြင့်မြတ်ဦးဟာ ၂၀၂၄၊ ဇူလိုင် ၈ ရက် ညပိုင်းက စိုင်နိုင်ကြီးရွာအပြင် သုဿန်အနီးမှာအင်တာနက်သွားသုံးပြီးအပြန် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လည်ပင်း ပြတ်ရှဒဏ်ရာ၊ ညာဘက် ဂျိုစောင်းပြတ်ရှဒဏ်ရာ၊ ညာဘက်လက်မောင်း ထိုးသွင်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။

အဲ့ဒီနောက် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအတွက် ဇူလိုင် ၁၁ ရက်မှာ မိသားစုဝင်တွေက ဝက်လက်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့(ပလဖ)စခန်းကို သွားရောက်တိုင်ကြားထားပြီး ပလဖအနေနဲ့လည်း အဆိုပါအမှုအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။