26 July 2026 4:05 PM

အမိမြေတော်လှန်ရေးတပ်ဖွဲ့က စစ်တိုက်နားချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်

0 6
0 6

ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် တပ်ရင်း ၂၇ ရဲ့ တပ်ခွဲ – ၁ဖြစ်တဲ့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ တိုက်ပွဲနားချိန်တွေနဲ့ တိုက်ပွဲကာလတွေမှာပါ သဘာဝပတ်ဝန်းကျင် ထိန်း‌သိမ်းရေးလုပ်ငန်းတွေကို လက်လှမ်းမိသလောက် ပူးတွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တပ်ဖွဲ့စခန်းအဖြစ် စတင်တည်ထောင်ချိန်ကတည်းက စခန်းအနီးနားက သစ်တောမှာ သစ်ဝါးခုတ်ခြင်းနဲ့ အလွန်ကျွံ အမဲလိုက်ခြင်းတွေကို တားမြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ခဲ့ကာ၊ တဖက်မှာလည်း ရွာသားတွေအတွက် ကျန်းမာရေးကုသမှုတွေ အခမဲ့ လုပ်ပေးတယ်လို့ ဆိုပါတယ်။

“သစ်တောပြုန်းတီးတဲ့အခါ ခံစားရမဲ့ အကျိုးဆက်၊ ရှားပါးသတ္တဝါတွေ ရှိတယ်ပေါ့နော်။ လိုအပ်တာထပ်ပိုပြီး အမဲလိုက်မိရင် ‌မျိုးတုန်းပျောက်ကွယ်မယ် ဆိုတာမျိုးလောက်တော့ သိသလောက် မျှဝေပေး ဖြစ်ပါတယ်။ နေထိုင်ရေးအတွက် ခုတ်ဖို့လိုအပ်မယ်ဆိုရင် ပကဖနဲ့ ချိတ်ဆက်ဖို့ ပြောပါတယ်။ ကျတော်တို့က စစ်တိုက်နေရုံနဲ့ မပြီးဘူးဗျ။ သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။” လို့ ရဲဘော်မင်းကိုက ပြောပါတယ်။

တပ်ဖွဲ့ကင်းလှည့်ချိန်တွေနဲ့ ကြုံရင်ကြုံသလို ရွာသားတွေကို ပညာပေးပြောပြတာတွေ လုပ်ပြီး အမဲလိုက်ခြင်းကို ကန့်သတ်လိုက်လို့ စားဝတ်နေရေး အခက်ခဲကြုံရင်လည်း တပ်ရင်းကနေ တတ်နိုင်သလောက် အကူညီတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲမရှိချိန်တွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပေမယ့် တိုက်ပွဲရှိနေရင်တော့ လက်လှမ်းမှီတဲ့ နယ်မြေလောက်ပဲ အသိပညာပေးနိုင်ကာ အခုနောက်ပိုင်းဆို သစ်ဝါးခုတ်တာတွေ နည်းပါးသွားပြီလို့လည်း သူကဆက်ပြောပါတယ်။

အခုလို အမဲလိုက်တာတွေ၊ သစ်၊ ဝါးခုတ်တာတွေကို တားဆီးလိုက်ပေမယ့် တဖက်မှာလည်း ရွာသားတွေအတွက် ကျန်းမာရေးနဲ့ သားဖွားခြင်းဆိုင်ရာတွေကို နယ်မြေဆင်း ကုပေးတာ၊ ဆေးခန်းဖွင့်ပြီး ကုသပေးတာတွေ အခမဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသာမက နယ်မြေလုံခြုံရေးအတွက်လည်း လုပ်ဆောင်နေပြီး ကုန်ကားတွေမှာ စစ်တပ်ထုတ်ကုန် ပါ၊မပါကိုပါ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။