ကျော်ကြီး၊ အောင်စိုး
ကောလင်း၊ ဇူလိုင် ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း(အထက်ပိုင်း) ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ဒိုးပင်ကျေးရွာ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကို ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီ ၃၈ မိနစ်မှာ တိုက်လေယာဥ် ၁ စီးနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လမ်းနံဘေးထမင်းဆိုင်နဲ့ ဆိုင်အနီးရပ်နားနေတဲ့ စက်သုံးဆီတင်ကားတွေအနီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။



” ထမင်းဆိုင်ရဲ့အနီးလမ်းမပေါ်ရပ်ထားတဲ့ ဆီဘောက်ဆာ ၂ စီးကိုအစမှန်ပြီး မီးလောင်ပျက်စီးတယ်။ ကျတာက ဆီဘောက်ဆာကားတွေရပ်တဲ့ ကွင်းလိုမျိုးမ ဟုတ်ဘူး။ လမ်းမတန်းထမင်းဆိုင်ဘေးကိုချ (ရပ်)ပြီး ထမင်းဝင်စားကြတာ” လို့ ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကျပေါက်ကွဲတာကြောင့် စစ်ဘေးရှောင်ရင်း ထမင်းဆိုင်ဖွင့်ထားတဲ့ အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦး၊ ၎င်းရဲ့သမီးဖြစ်သူ အသက် ၁၂ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၃၀ ကျော် စက်သုံးဆီသယ်တွဲကားမောင်းနှင်သူ ၂ ဦးစုစုပေါင်း ၄ ဦးဒဏ်ရာရရှိခဲ့ပြီး စက်သုံးဆီတင်ကား ၂ စီး မီးလောင်ပျက်စီးခဲ့ကာ ထမင်းဆိုင်နဲ့ အနီးအနားကဆိုင်အချို့လည်းပျက်စီးတယ်လို့ သိရပါတယ်။



စစ်ကောင်စီဘက်က ဗုံးလာချတဲ့ ဒိုးပင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ အရပ်သားပြည်သူထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ဗုံးလာချတာဖြစ် ကြောင်း အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒေသတွင်းသတင်းအချက်အလက်တွေကို ဖော်ပြနေတဲ့ Kawlin Information အဖွဲ့ဝင်အမျိုးသားတဦးကလည်း ဗုံးကြဲခံရမှုဖြစ်စဥ်နဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။
” ဗုံးကြဲချိန် မိုးရွာနေတာဖြစ်လို့ လူနည်းတယ်။ အဲ့နေရာက ထမင်းဆိုင်နဲ့ဆီဆိုင်တွေ။ ရွှေဘို-မြစ်ကြီးနားလမ်းဘေးတင် စည်ကားနေတဲ့နေရာပေါ့။ အဲနားမှာဆီကား ၂ စီး။ ပြီးတော့ဆီရောင်းတဲ့ဆိုင် အဲ့တာကို မှန်တယ်။ ဆီကား ၂ စီးပျက်သွားတယ်။ ထိတာ ၄ ဦး၊ ၁ ဦးကတော့သေမယ်ထင်တယ်”လို့ ၎င်းက ပြောပါတယ်။
ဒိုးပင်ကျေးရွာဟာ အိမ်ခြေ ၁၅၀ ကျော် လူဦးရေ ၆၀၀ ခန့်နေထိုင်တဲ့ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံးကြဲချပြီးနောက် ထပ်မံဗုံးကြဲခံရမှာစိုးရိမ်ပြီး ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း ကောလင်းမြို့နယ်၊ ဖလဲကျေးရွာကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ