သိုက်ထွန်း
မြေလတ်အသံ၊ ဇူလိုင် ၉ ၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ သမိုင်းဝင်ဖိုလ်ဝင်တောင်ဘုရားကို ဘုရားဖူးလာရောက်လည်ပတ်သူများတာကြောင့် ဖိုလ်ဝင်တောင်မှာရှိတဲ့မျောက်တွေ အစာအတွက် ခဏတာပြေလည်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၉ ရက်ဟာ ဝါဆိုလပြည့်နေ့ဖြစ်တာကြောင့် ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်တွေကို ဘုရားဖူးလာရောက်သူ ထောင်နဲ့ချီတဲ့အထိ အများအပြားရှိနေပြီး ဘုရားဖူးလာရောက်သူတွေက မျောက်တွေကို အစာကျွေးကုသိုလ်ယူကြတာကြောင့် မျောက်စာအတွက် ခဏတာအဆင်ပြေတယ်လို့ ဆိုပါတယ်။
” မျောက်အကောင်ရေ ၁,၀၀၀ နီးပါးရှိတာ၊၊ အခါကြီးရက်ကြီးမှသာ ဘုရားဖူးပြည်သူတွေပေါလို့ အဆင်ပြေတာ၊ ပုံမှန်ရက်ဆို မျောက်တွေအတွက် အစာ ရေစာသိပ်ရှားပါးတာ”လို့ ဖိုလ်ဝင်တောင်ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်ဟာ ၁ ဖာလုံသာကွာဝေးပြီး ဘုရားဖူးပြည်သူတွေက နွားသိုးတောင်၊ ရွှေဘတောင်၊ ဖန်းခါးတောင် စတဲ့နေရာတွေအထိလာရောက်ကာ မျောက်စာကိုယူဆောင်ကျွေးကြသလို တောင်ပေါ်ရောက်မှ ဝယ်ကျွေးကြသူတွေလည်း များပြားတယ်လို့ ဆိုပါတယ်။
၂၀၁၉ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ယခုနှစ် အစောပိုင်းကာလတွေအထိ ဖိုလ်ဝင်တောင်၊ ရွှေဘတောင်တွေကို ဘုရားဖူးလာရောက်သူမရှိတာကြောင့် အထက်ပါတောင်တွေမှာနေထိုင်နေတဲ့ မျောက်တွေအတွက် ကာလရှည်ကြာ အစာရေစာရှားပါးခဲ့တယ်လို့ သိရပါတယ်။
ဘုရားဖူးလာရောက်မှုမရှိတဲ့ကာလတွေမှာ မျောက်တွေဟာ အစာရေစာရှားပါးလာလို့ ဖိုလ်ဝင်တောင်ရွာနဲ့အနီးတဝိုက်က လူနေအိမ်တွေအတွင်းအထိ ဝင်ရောက်အစာရှာဖွေတာတွေ လုပ်ဆောင်လာတာကြောင့် အခက်ကြုံတွေ့ရမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယနေ့ ဝါဆိုလပြည့်နေ့မှာ ဒေသတွင်းကပြည်သူထောင်နဲ့ချီ ဘုရားဖူးလာကြပေမယ့် အာဏာမသိမ်းမီကာလတွေနဲ့ နှိုင်းယှဥ်ပါက ၃ ပုံ ၁ ပုံခန့်သာ ဘုရားဖူးလာရောက်မှုရှိတယ်လို့ ဒေသခံတွေနဲ့ ဖိုလ်ဝင်တောင်နေထိုင်သူတွေက သုံးသပ်ပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိကာလအထိ အခါကြီးရက်ကြီးတွေဖြစ်တဲ့ ဝါဆိုလပြည့်၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်နဲ့ တန်ခူးလသင်္ကြန်ကာလအတွင်းသာ ဘုရားဖူးလာရောက်သူတွေရှိတာကြောင့် အဆိုပါနေ့ရက်တွေမှာ မျောက်စာအတွက်အဆင်ပြေကြပေမယ့် ဘုရားဖူးလာရောက်မှု မရှိတဲ့ ကျန်ရက်အများစုမှာတော့ မျောက်တွေအတွက် အစားအစာရှားပါးနေဆဲဖြစ်တာကြောင့် မျောက်စာလှူဒါန်းမယ့် ကုသိုလ်ရှင်၊ စေတနာရှင်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M