မြေလတ်အသံ၊ ဇူလိုင် ၃၊ ၂၀၂၅။
စစ်ကောင်စီအဆက်အသွယ်ပြတ်တောက်နေတဲ့ တိုက်လေယာဥ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးမှာ လေယာဉ်မှူး ၂ ဦး ရုပ်အလောင်းနဲ့အတူတွေ့ရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပါတယ်။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဖားဆောင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်ရေးလုပ်ဆောင်ရာက ပျက်ကျခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဥ်အပျက်အစီးတွေနဲ့ လေယာဉ်မှူး ၂ ယောက် ရုပ်အလောင်းကို ခဲမဖြူရွာအနီးမှာ
တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်လေယာဥ်ဟာ ဖားဆောင်းမြို့နယ်အခြေစိုက် ခလရ ၁၃၄ အနီးကို ဗုံးလာကြဲတဲ့တိုက်လေယာဥ်ဖြစ်ပြီး အခင်းဖြစ်ညမှာ ကင်းထောက်လေယာဥ်နဲ့ ညလုံးပေါက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြောင်း မြေပြင်အခြေအနေသိရှိထားသူ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။
ဇူလိုင် ၁ ရက်ည ၁၀ နာရီခွဲလောက်မှာ ခလရ ၁၃၄ အနီးတဝိုက်ကို လေယာဥ် ၂ စီးနဲ့ ဗုံးလာကြဲပြီးတဲ့နောက် ၁ စီး ပြန်တက်သံကြားရပေမယ့် နောက် ၁ စီး အသံမကြာရတော့ကာ ကင်းထောက်လေယာဉ် ၁ စီး ၁ညလုံး ပတ်နေတာကို တွေ့ရတယ်လို့ ၎င်းက ပြောပါတယ်။
အဆိုပါကင်းထောက်လေယာဥ်ဟာ သာမာန်ထက်အနိမ့်ပျံသန်းပြီး ခလရ ၁၃၄ နဲ့ အနီးတဝိုက်ကို ဗုံးကြဲပြီးချိန်ကစတင်ကာ ဇူလိုင် ၂ ရက်မနက်အစောပိုင်းအထိ ညလုံးပေါက်ပတ်လည်ပျံသန်းရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဇူလိုင် ၁ ရက် ညပိုင်းမှာ တိုက်လေယာဥ် ၁ စီး နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာမှာ ရေဒါမြင်ကွင်းကနေပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပျက်ကျခဲ့တဲ့တိုက်လေယာဥ်ဟာ လေယာဥ်အမှတ် 1409 ၊ FTC-2000 G အမျိုးအစား တိုက်လေယာဥ်ဖြစ် ကြောင်းသိရကာ စစ်ကောင်စီက အဆက်အသွယ်ပြတ်နေတဲ့တိုက်လေယာဥ်အမျိုးအစားကို ထည့်သွင်းထုတ်ပြန်တာမရှိဘဲ စက်ချို့ယွင်းတာ(သို့မဟုတ်)ရာသီဥတုဆိုးဝါးတာကြောင့်လို့ ခန့်မှန်းထားပြီး ရှာဖွေမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် တိုက်လေယာဥ် ၁ စီးနဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ် ၁ စီး မေနဲ့ဇွန်လအတွင်း စစ်ဆင်ရေးတွေမှာအသုံးပြုရင်း ပျက်ကျခဲ့ပြီး KIA နဲ့ PLA တပ်ဖွဲ့တွေဘက်က ၎င်းလေယာဥ်၊ ရဟတ်ယာဥ်တွေကို ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ပြောဆိုပေမယ့် စစ်ကောင်စီဘက်ကတော့ ရုတ်တရက်စက်ချို့ ယွင်းတာကြောင့်လို့ ဖော်ပြပါတယ်။
ဇူလိုင် ၁ ရက် ညပိုင်းက ရေဒါကနေပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်နေတဲ့ တိုက်လေယာဥ်ဟာလည်း ပျက်ကျခဲ့တာကြောင့် ၃ လတာအတွင်း စစ်ကောင်စီတပ်သုံး တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် စုစုပေါင်း ၃ စီး ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။