ယင်းမာပင်၊ ဇွန် ၂ ၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှာ စနိုက်ပါ ထိမှန်ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ မိသားစုကို ဇွန် ၂၃ ရက်မှာ ငွေကျပ် သိန်း ၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်တပ်မတော်-Black Leopard Army ဆီကသိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ကျဆုံး ရဲဘော် ကျော်မျိုးသူ (ခ) ရဲဘော်ကျော်ကြီး ရဲ့ ကျန်ရစ်သူမိသားစု ကို ရဲဘော်ကျော်ကြီးအတွက် ကောင်းမှုကုသိုလ်ပြုလုပ်ပေးနိုင်ဖို့ နေအိမ်အထိသွားရောက်ကာ ငွေကျပ်သိန်း ၅၀ ထောက်ပံ့ပေးခဲ့တာလို့ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်တပ်မတော် ဥက္ကဌ ဦးဥက္ကာကပြောပါတယ်။
“အင်အားကတော့ ရဲဘော် ၅၀ လောက်ပဲတက်နိုင်ခဲ့ပါတယ်၊ ကျနော်တို့ဒီမှာလည်း ရှေ့တန်းပွိုင့်တွေက မဖြုတ်ရသေးဘူး၊ ကျဆုံးစစ်သည်ရဲ့ မိဘနှစ်ပါးကို ကျနော်တို့က အရိုသေပြုဂါရဝထားတဲ့အနေနဲ့ ရဲဘော်တွေက အလေးပြုတယ်၊ ကိုယ့်ရဲ့မိဘတွေလို သဘောထားပြီးတော့ ရဲဘော်တွေက ရှစ်ခိုးကန်တော့ကြတယ်၊ ရဲဘော်ကျော်မျိုးသူအတွက် ကောင်းမှုကုသိုလ်လုပ်နိုင်အောင် သူ့ရဲ့မိဘတွေကို သိန်း ၅၀ ကျပ်ထောက်ပံ့ပေးခဲ့ပါတယ်”လို့ ဥက္ကဌ ဦးဥက္ကာ က ပြောပါတယ်။
ကျဆုံးရဲဘော် တပ်စုမှူးရဲဘော်ကျော်ကြီးဟာ ဇွန် ၁၉ ရက်နေ့က ကန့်ဒေါင့်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကိုအလင်းဝင်ဖို့ခေါ်နေချိန် စနိုက်ပါထိမှန်ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ရုပ်အလောင်းကိုတော့ ဇွန် ၂၀ ရက်မှာ မီးရှို့သင်္ဂြိုဟ်ကာ ဈာပနပြုလုပ်ခဲ့ပြီး အရိုးပြာအိုးကိုတော့ ဇွန် ၂၃ ရက်မနေ့က ဂူဗိမ္မာန်သွင်းခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် – HP