myaelatt athan

Sharing Information to the Local

⁨မုံရွာမှာ စစ်ကောင်စီတပ်က ဆိုင်းဘုတ်ခွန် ၁၀ ဆ တိုးကောက်ပြီး လစဉ်ပေးဆောင်ရမယ်လို့ဆို (ရုပ်/သံ)

မုံရွာ၊ ဇွန် ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ဈေးဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဆိုင်းဘုတ်ခွန်အဖြစ် ၁ ပေပတ်လည် ၁၅,၀၀၀ ကျပ်နှုန်းနဲ့ကောက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇွန် ၁၇ ရက်ကစပြီး ယမန်နေ့ ဇွန် ၂၁ ရက်အထိ ပြည်ထောင်စုလမ်း၊ သာစည်လမ်း၊ ကျောက္ကာလမ်းနဲ့ ဗိုလ်ချုပ်လမ်းမကြီးတွေပေါ်မှာဖွင့်လှစ်ထားတဲ့ ဆိုင်ကြီး၊ ဆိုင်ငယ်တွေကို စစ်ကောင်စီတပ်အင်အား ၁၀ ဦးခန့်က တဆိုင်ဝင်တဆိုင်ထွက် အထက်ပါနှုန်းထားနဲ့ ဆိုင်းဘုတ်အရှည်အတိုင်း လိုက်ကောက်နေတာလို့ ဆိုပါတယ်။

“ပုံမှန်က ၁ ပေကို ၁,၅၀၀(ကျပ်)မကျော်ဘူးကောက်တာ။ အခုမှ ၁၅,၀၀၀ ထိ ထိုးတက်သွားတာ၊ ၁၀ ဆမကတက်သွားတယ်။ ဒီလိုသာ ၁ လ ၁ ခါဆောင်ရမယ်ဆို ဆိုင်းဘုတ်ပြန်သေးမှရတော့မယ်။ အခုကအလျားက ၃ ပေလုပ်ထားတာ။ ၁ ပေခွဲဆိုဒ် ပြန်ပြောင်းတော့မယ်”လို့ မြို့ခံစျေးဆိုင်ပိုင်ရှင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ယခင်က ဆိုင်းဘုတ်ခွန်ကောက်ခံရာမှာ အိမ်ဆိုင်နဲ့ ဆိုင်ခန်းဆိုင်ကို ခွဲခြားကောက်ခံပြီး ဆိုင်းဘုတ် ၁ ပေပတ်လည်အတွက် ပျမ်းမျှ ၁,၅၀၀ ကျပ်နှုန်းနဲ့ ၃ လ ၁ ကြိမ် ပေးဆောင်ရပေမယ့် လက်ရှိမှာယခင်ထက် ၁၀ ဆခန့် တိုးမြှင့်ကောက်ခံတဲ့အပြင် လစဉ်ပေးဆောင်ရမှာဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့တွေက ပြောဆို သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆိုင်းဘုတ်ခွန်ကောက်ခံရာမှာ စည်ပင်ဝန်ထမ်းတွေမပါဝင်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေကြိုးတွေနဲ့ ဆိုင်းဘုတ်အတိုင်းယူကာ ကောက်ခံသွားတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က ပေကြိုးနဲ့တိုင်းပြီး ဆိုင်လိပ်စာရယ်၊ ဆိုင်နာမည်ရယ် စာရင်းလုပ်သွားတယ်။ နောက်လကျ ပေကြိုးနဲ့မတိုင်းတော့ဘဲ ကျသလောက် တခါတည်းဆောင်ပေးရုံပဲတဲ့။ ဘဏ်တို့ Kpayတို့ကနေ ဆောင်လို့ရလားမေးကြည့်တော့ သူတို့ပဲလာကောက်မယ်ပြောသွားတာ။”လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်ရှိအထိ ဆိုင်းဘုတ်အခွန် လာရောက်ကောက်ခံသူမရှိတာကြောင့် မပေးဆောင်ရတာ ၄ နှစ်ကျော် ကြာရှိပြီဖြစ်ပြီး အခုလို လာရောက်ကောက်ခံချိန်မှာလည်း အခွန်နှုန်းတွေကို ၁၀ ဆအထိ တိုးမြှင့်ကောက်ခံနေတာဖြစ်ပါတယ်။

လက်ရှိမှာ မုံရွာမြို့ရဲ့အဓိကလမ်းမကြီးဘေးက ဆိုင်တွေကိုသာ ဆိုင်းဘုတ်ခွန်ကောက်ခံနေတာဖြစ်ပြီး ရပ်ကွက်အတွင်းဖွင့်ထားတဲ့ ဆိုင်တွေကိုတော့ ကောက်ခံတာမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလကစပြီး လက်ရှိအထိ စစ်ကောင်စီက စက်မှုဇုန်ရပ်ကွက်ရှိ စက်ရုံတွေနဲ့ အဟောင်းပစ္စည်းဆိုင်တွေကို ငွေကျပ် ၃၀,၀၀၀ လစဉ်ကောက်ခံတယ်လို့လည်း စုံစမ်းသိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။