ကွမ်းစျေးပြန်လည်ကောင်းမွန်လာဖို့ ကွမ်းစိုက်တောင်သူတွေ မျှော်လင့်
မြေလတ်အသံ၊ ဇွန် ၁၀၊ ၂၀၂၅။
ကာလရှည်ကွမ်းရွက်စျေးအဆမတန်ကျဆင်းနေမှုကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ကွမ်းစိုက်တောင်သူတွေနဲ့ ကွမ်းခြံလုပ်သားတွေမှာ အရှုံးပေါ်နေပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။
ယခုနှစ်ဆန်းပိုင်းကစတင်ကာ မုံရွာမြို့မှာ ကွမ်းရွက် ၁ ပိဿာဈေးနှုန်းဟာ ၃၀၀ ကျပ်အထိကျဆင်းလာခဲ့ပြီး ၆ လကြာ ဇွန်လအထိ အဆိုပါစျေးနှုန်းမှာ ရပ်တည်နေတာကြောင့် ကွမ်းစိုက်တောင်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းအထိ ကွမ်းရွက်စျေးဟာ အမျိုးအစားအလိုက် ၁ ပိဿာ ၅,၀၀၀ ကျပ်အထိရောင်းချရပေမယ့် ယခုနှစ်ဆန်းပိုင်းကစတင်ကာ အထက်ပါအတိုင်း ကွမ်းစျေးဆက်တိုက်ကျဆင်းလာတာကြောင့် စိုက်ပျိုးစရိတ်တောင်ပြန်မရတော့လို့ အဆင်မပြေဖြစ်နေကြတယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင် ကွမ်းစိုက်တောင်သူတွေဟာ ကွမ်းပင်အနည်းဆုံး ၁,၀၀၀ ကနေ သောင်းချီ စိုက်ပျိုးကြပြီး ကွမ်းပင် ၁,၀၀၀ ရှိ ကွမ်းခြံ ၁ ခြံအတွက် ကွမ်းရွက်ထွက်ရှိမှုအပေါ်မူတည်ကာ လုပ်သား ၅ ဦးမှ ၈ ဦးအထိ အလုပ်လုပ်ကိုင်ကြရတာပါ။
ယခင်က ကွမ်းခြံလုပ်သားတွေမှာ အမျိုးသား ၁၂,၀၀၀ ကျပ်၊ အမျိုးသမီး ၇,၀၀၀ ကျပ်ခန့်ပျမ်းမျှတရက်လုပ်အားခရရှိခဲ့လို့ စားဝတ်နေရေးဖြေရှင်းနိုင်ရုံအဆင်ပြေခဲ့ပေမယ့် လက်ရှိမှာကွမ်းဈေးအဆမတန်ကျဆင်းနေလို့ ကွမ်းရွက်ခူးတာအပါအဝင် ကွမ်းခြံလုပ်ငန်းတွေမှာ လုပ်သားမငှားနိုင်တော့တာကြောင့် ကွမ်းခြံလုပ်သားတွေ စားဝတ်နေရေးပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။
ကွမ်းစိုက်တောင်သူတွေအနေနဲ့ ကွမ်းပင် ၁,၀၀၀ ရှိ ခြံ ၁ ခြံအတွက် ယခင်က ၈ ဦးအထိ လုပ်သားခေါ်ယူငှားရမ်းနိုင်ပေမယ့် လက်ရှိကွမ်းစျေးနှုန်းအရ ၂ ဦးသာ ခေါ်ယူနိုင်ကာ ကွမ်းစိုက်လုပ်သားတွေကို အလှည့်ကျစနစ်နဲ့ ငှားရမ်းနေရတာကြောင့် ၎င်းတို့အတွက် နေ့စဥ်အလုပ်မရှိတော့ဘဲ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတာလို့ ကွမ်းစိုက်တောင်သူက ပြောပါတယ်။
ကွမ်းရွက်စျေးကျဆင်းမှုကြောင့် တောင်သူတွေအနေနဲ့ ကွမ်းပင်အတွက် ဖြည့်စွက်စာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ နုန်းနဲ့ မြေဆီစတဲ့သွင်းအားစုတွေ ထည့်သွင်းအသုံးမပြုနိုင်တော့တာကြောင့် ကွမ်းရွက်ကောင်းတွေ မထွက်တော့သလို ကွမ်းပင်ပျက်စီးမှုတွေ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆားလင်းကြီးနယ်ထဲကကွမ်းခြံတွေမှာ ၂၀၂၄ က ရာဂီမုန်တိုင်းအရှိန်ကြောင့် ချင်းတွင်းမြစ်နဲ့ ယမားချောင်း ရေကြီး၊ ရေလျှံကာ ကွမ်းခြံတွေ ရေမြုပ်ခဲ့ရပြီး ယခုနှစ်မိုးကြိုကာလမှာလည်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အောက်ခြေမြေသားပျော့တာ၊ ကွမ်းခြံထောင်တိုင်တွေ ဆွေးမြေ့ပြိုကျတာတွေအဖြစ်များနေတယ်လို့ သိရပါတယ်။
ကွမ်းစိုက်တောင်သူတွေအနေနဲ့ ကွမ်းဈေးကျဆင်းနေပေမယ့် ဒေသတွင်းမှာလည်း အလုပ်အကိုင်ရှားပါးနေတာအပြင် တခြားလုပ်ငန်းပြောင်းလဲလုပ်ကိုင်ဖို့လည်းအဆင်မပြေတာကြောင့် ကွမ်းခြံစိုက်ပျိုးတာကိုပဲ ဆက်လက်လုပ်ကိုင်ကြမှာဖြစ်ပြီး ယခင်လိုကွမ်းစျေး ပြန်လည်ကောင်းမွန်လာဖို့ကို မျှော်လင့်နေကြပါတယ်။
ယင်းမာပင်ခရိုင်ထွက် ကွမ်းရွက်တွေကို မြဝတီ၊ မော်လမြိုင် စတဲ့ဒေသတွေကို အဓိကထားပို့ဆောင်ကြပြီး ယခုနှစ်မှာ အဆိုပါမြို့ကြီးတွေကို ပို့ဆောင်တဲ့လမ်းကြောင်းတွေမှာ စစ်ဆေးမှုပိုမိုတင်းကျပ်တာအပါအဝင် ယခင်ထက်ပိုမိုအချိန်ကြာမြင့်တာတွေရှိနေကာ လမ်းခရီးမှာ ကွမ်းရွက်တွေပျက်စီးမှုအများအပြားဖြစ်နေတာကြောင့် ပို့ဆောင်ဖို့အဆင်မပြေတော့ဘဲ အခုလို ကာလရှည်ကွမ်းစျေးကျဆင်းနေတာဖြစ်နိုင်တယ်လို့ မုံရွာမြို့နေ ကွမ်းရွက်ပို့ဆောင်ပေးနေတဲ့ ပွဲစားတဦးက သုံးသပ်ပြောပါတယ်။
စာတည်း – ဟိန်းစံ၊တည်းဖြတ် – HP