myaelatt athan

Sharing Information to the Local

ပေါက်နဲ့မြိုင်အစပ် ရေနံမှော်နဲ့ရွာတွေမှာ လေယာဉ်ဗုံးကြဲခံရလို့ ၁၃ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူ၊ မတ် ၃၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က လက်ပံတိုရေနံမှော်နဲ့ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၁၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။

မြိုင်မြို့နယ် ဆိတ်ချေး၊ ဂျုတ်ကုန်း၊ဘောင်ဘင်၊ ညောင်ကုန်း၊ ဆူးဝင်းနဲ့ တောရွာ၊ ပေါက်မြို့နယ် သရက်ကန်၊ ဆုံကုန်း၊ လက်ပံတိုရွာတွေကို မတ် ၃ ရက် မနက်အစောပိုင်း ၁ နာရီခွဲကနေ ၂ နာရီခွဲအတွင်းမှာ တိုက်လေယာဉ်၊ Y 12 လေယာဉ်တွေနဲ့ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့ဒီရွာတွေမှာ PDF စခန်းလည်းမရှိပါဘူး၊ ပြည်သူတွေပဲနေတဲ့ရွာတွေ။” လို့ မြိုင်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ပံတိုရေနံမှော်က ၆ ဦး၊ ဘော်ဘင်ရွာက ၄ ဦး၊ သရက်ကန်ရွာက ၃ ဦးအပါစုစုပေါင်း ဒေသခံအရပ်သား အမျိုးသား၊ အမျိုးသမီး ၁၃ ဦးထက်မနည်း သေဆုံးထားပြီး သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း နောက်ထပ်ဒေသခံ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိထားကာ ဒဏ်ရာရ သူတွေကို ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာလည်း ပေါက်မြို့နယ်၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ PDF တပ်ဖွဲ့ဝင်တဦးရဲ့ မင်္ဂလာဆောင် လေယာဉ်ဗုံးကြဲခံရလို့ လူဆယ်နဲ့ချီသေဆုံးခဲ့လို့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ရက်အတွင်း ဒုတိယအကြိမ်မြောက် လူဆယ်နဲ့ချီသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။