မိုးအဆက်မပြတ်ရွာတာကြောင့် ရိတ်သိမ်းခါနီး ပဲနဲ့နှမ်းစိုက်ဧကထောင်ချီ ရေဝင်ပျက်စီး(ရုပ်/သံ)

0 4
0 4

ဟယ်သာကျော်စွာ

မြေလတ်အသံ၊ မေ ၂၉၊ ၂၀၂၅။

မိုးအဆက်မပြတ်ရွာတာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်နဲ့ ယင်းမာပင်ခရိုင်ထဲက ရိတ်သိမ်းခါနီး ပဲ၊ နှမ်းစိုက်ဧကထောင်ချီမှာ ရေဝင်ပျက်စီးနေတယ်လို့ ဒေသခံတောင်သူတွေခံက သိရပါတယ်။

မေ ၂၄ ရက်ကစတင်ကာ ယမန်နေ့ မေ ၂၈ ရက်အထိ ၅ ရက်ဆက် မိုးရွာတာကြောင့် ဒီပဲယင်းမြို့နယ်၊ မူးကမ်းကျေးရွာက မတ်ပဲ၊ ပဲတီစိမ်းနဲ့ နှမ်းစိုက်ပျိုးဧက ၃၀၀ ကျော်အပါအဝင် ကျေးရွာ ၁၅ ရွာထက်မနည်းက စိုက်ဧက ၂,၀၀၀ ကျော်မှာ ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတောင်သူအမျိုးသမီးကပြောပါတယ်။

လက်ရှိကာလဟာ နွေစပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်းတွေရိတ်သိမ်းကာလဖြစ်ပြီး ယခုနှစ်နွေကာလမှာ ဒီပဲယင်းတောင်သူအများစုက ပဲနဲ့နှမ်းကိုအဓိကထားစိုက်ပျိုးကြကာ အခုလို ရိတ်သိမ်းခါနီးချိန် ရေဝင်ပျက်စီးတာကြောင့် ဆုံးရှုံးမှုများတယ်လို့ ဆိုပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာ ၇ ရွာထက်မနည်းက ပဲနဲ့ နှမ်းစိုက်ဧကပေါင်းထောင်ချီဟာ မိုးသည်းထန်စွာအဆက်မပြတ်ရွာတာကြောင့် ရေနစ်မြုပ်ပျက်စီးနေတယ်လို့ ယင်းမာပင်မြို့နယ် နှမ်းစိုက တောင်သူတဦးက ပြောပါတယ်။

အခုလို နှမ်းပွင့်ဖူးကြွေစအသီးပေါ်စချိန် အခင်းတွေထဲ နေ့စဉ်ရက်ဆက်ရေဝပ်သွားတာကြောင့် နှမ်းပင်စည်တွေ ရိရွဲခွေကျကုန်တာ၊ ညှိုးလျော်ပြီး သေတာ၊ နှမ်းစေ့တွေ မအောင်တော့တာတွေကြောင့် နှမ်းအထွက်နှုန်း သိသိသာသာ လျော့ကျသွားမယ်လို့ ဆိုပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ပဲနဲ့နှမ်းခင်းတွေ ပျက်စီးမှုဟာ ယခင်က ၄ နှစ်တကြိမ်ခန့်သာ ကြုံတွေ့ရပေမယ့် ၂၀၂၃ မိုခါမုန်တိုင်းကာလနဲ့ ယခုနှစ်မိုးကြိုကာလတွေမှာ ၁ နှစ်သာခြားပြီး ထပ်မံကြုံတွေ့ရတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့မိုးဆက်လက်ရွာသွန်းနိုင်ပြီး စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတွေအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ မိုးကြီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။