မြေလတ်အသံ၊ မေ ၁၀၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်တနေရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ) က ဦးဆောင်ပြီး ကဗျာဆရာခက်သီကျဆုံးမှု ၄ နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့တယ်လို့ အခမ်းအနားတက်ရောက်ခဲ့သူတွေထံက သိရပါတယ်။
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို စစ်ကိုင်းနဲ့မကွေးတိုင်းထဲက ကဗျာဆရာ ၄၀ ဦးကျော်နဲ့ အွန်လိုင်းကနေလည်း ကဗျာဆရာအများအပြားတက်ရောက်ခဲ့ကြပြီး မြိုင်နဲ့အနီးတဝိုက်က ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားမှာ ကဗျာဆရာကိုခက်သီနဲ့တကွ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသူတွေအတွက် ငြိမ်သက်အလေးပြုတာ၊ ကဗျာဆရာခက်သီရဲ့ ကိုယ်ရေးအကျဉ်းဖတ်ကြားတာ၊ တက်ရောက်လာတဲ့ ကဗျာဆရာတွေက ဂုဏ်ပြုအမှတ်တရစကားပြောကြားတာနဲ့ ဂုဏ်ပြုကဗျာတွေရွတ်ဆိုတာ၊ ကဗျာဆရာခက်သီရေးသားခဲ့တဲ့ ကဗျာတွေကို အမှတ်တရရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ ခေတ်တိုင်း စနစ်တိုင်း တော်လှန်ရေးတိုင်းမှာ ကျနော်တို့ကဗျာဆရာတွေဟာ ပြည်သူလူထု အဖိနှိပ်ခံလူထုနဲ့အတူ ရှိခဲ့တယ်၊ အဖိနှိပ်ခံလူထုအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်၊ ဒီနေရာမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာကြီးအောင်ချိမ့်ရဲ့စကားထပ်ပြောရရင်တော့ ကျနော်တို့ကဗျာဆရာတွေရဲ့ နိုင်ငံရေးရပ်ခံချက်ဆိုတာ အစိုးရအတွက်မဟုတ်ဘူး၊ အဖိနှိပ်ခံလူထုအတွက် ဖြစ်ပါတယ်။ ခေတ်တိုင်းမှာလည်း တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့လွတ်မြောက်ရေးအတွက် အသက်၊ သွေး၊ ချွေးပေးပြီး ကလောင်စွမ်းသာမက အခြားသောကိုယ်စွမ်းဉာဏ်စွမ်းကို အားစိုက်ပါဝင်ခဲ့အထဲမှာ ကဗျာဆရာတွေဟာ ထိပ်ဆုံးကပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ ကဗျာဆရာတွေကလည်း တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ထည့်ဝင်မှုတွေဖြစ်တယ်။” လို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ ကဗျာဆရာ ကိုလွမ်းသူ က မြေလတ်အသံကို ပြောပါတယ်။
ကဗျာဆရာခက်သီဟာ ၂၀၂၁ မေ ၈ ရက် ညပိုင်းက ရွှေဘိုမြို့၎င်းရဲ့နေအိမ်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံရပြီးတဲ့နောက် မေ ၉ ရက် မနက်ပိုင်းမှာ စစ်ကြောရေးမှာ ကျဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
တည်းဖြတ် – HP