myaelatt athan

Sharing Information to the Local

⁨ရေစကြိုမြို့အနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး ရေစကြိုပကဖ ဘက်က တပ်ခွဲမှူး ၁ ဦးကျဆုံး (ရုပ်/သံ)

ရေစကြို၊ မေ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့၊ ခလရ ၂၅၈ တပ်က ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၂၉ ရက်နေ့က တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကာ ရေစကြို ပကဖ က တပ်ခွဲမှူး ၁ ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ဆီက သိရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးထွက်လာတာဖြစ်ပြီး ရေစကြိုမြို့အထွက် သင်္ချိုင်းကုန်းအရောက် မနက် ၅ နာရီခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“မီတာ ၂၀၀နဲ့ ၃၀၀ လောက်ကနေ ကျနော်တို့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တာ၊ တိုက်ခိုက်နေစဉ်မှာပဲ မြို့ပေါ်နဲ့ ခလရ ၂၅၈ တပ်ထဲကနေ လက်နက်ကြီးပစ်ကူပေးတာတွေလုပ်တယ်၊ မြို့ပေါ်ကဆိုတာက ရုံးပေါင်းစုံထဲက ပစ်ကူပေးတာ၊ တပ်ထဲကကျတော့ ခလရ ၂၅၈ ကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်ဟာ မနက် ၅ နာရီကနေ ညနေအထိ တနေကုန်နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင်ရေစကြို ပကဖ ရဲ့ တပ်ခွဲမှူး ၁ ဦးလည်းကျဆုံးခဲ့ရပြီး ၁ ဦးဒဏ်ရာရခဲ့ကာ ဧပြီ ၃၀ မှာဈာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ထန်းဆယ်ပင်ကျေးရွာက နေအိမ် ၁၀ လုံးကို မီးရှို့သွားပြီး ညနေ ၅ နာရီခန့်မှာတော့ ခလရ ၂၅၈ တပ်ထဲ ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ လည်းဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်နဲ့ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် – HP⁩

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။