myaelatt athan

Sharing Information to the Local

ရေစကြိုမှာ ရွာကိုစီးနင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး သေဆုံးမှုများဟုဆို(ရုပ်/သံ)

ရေစကြို ၊ ဧပြီ ၂၉ ၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာကို စီးနင်းဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့ပစ်ခတ်ခံရလို့ သေဆုံးမှုများပြားတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဗလဘကျေးရွာကို ထိုးဖောက်စီးနင်းလာတဲ့ စစ်အင်အား ၂၅၀ ကျော်ပါ စစ်ကြောင်းကို နယ်မြေခံတပ်ဖွဲ့တွေက အဆိုပါကျေးရွာအနီး စောင့်ကြိုပစ်ခတ်ခဲ့ပြီးနောက် ဧပြီ ၂၀ နဲ့ ၂၁ ရက် ၂ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ အလောင်းတွေကို ပခုက္ကူကိုသုံးဘီးနဲ့ခိုးသယ်တယ်လို့ သိရတယ်။ သူတို့အထိနာတဲ့အတွက် ဗလဘကျေးရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့သွားတယ်။ ဧပြီ ၂၂ ရက်မှာ ပခုက္ကူမြို့ကို ပြန်ထွက်သွားတယ်” လို့ ရေစကြိုတပ်ပေါင်းစုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ ၂ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုတပ်ပေါင်းစုတပ်ဖွဲ့ဘက်ကလည်း PDF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားစဥ်နဲ့ ဖြစ်ပွားပြီးချိန်တွေမှာလည်း လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ရပြီး တပ်မ ၁၀၁ လက်အောက်ခံပူးပေါင်းတပ်တွေဖြစ်တဲ့အဆိုပါစစ်ကြောင်းဟာ လက်ရှိမှာ ပခုက္ကူတပ်မ ၁၀၁ ကို ပြန်လည်ဝင်ရောက်သွားပြီလို့ သိရပါတယ်။

တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ ၃၊ ၁၀၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ (ပ.က. ဖ)၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ ကမ္မတပ်ပေါင်းစု၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံးပျောက်ကျားတပ်၊ ဒေါင်းညီနောင် နဲ့ Wolf Brothers Burma Revolution Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။